မင်္ဂလာပါခမျာ..ရောက်လာကြသော လာဖတ်သူအားလုံးကို ကြိုဆိုပါတယ်ခင်မျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Sunday, December 1, 2013

အဖြူဖြစ်သွားသော အမည်း

အဖြူဖြစ်သွားသော အမည်း

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
" ဒီမှာ...ကြက်သားဟင်းတွေ ထည့်ဦး၊ များများစားနော်၊ အဘိုးအဘွားတို့ "
" အေး... သာဓု...သာဓု...သာဓု ပါကွယ်။ သည့်ထက်မက လှူနိုင်တန်းနိုင်ကြပါစေ "
မြင်ကွင်းလေးက ကြည်နူးစရာ၊ခေါင်းကလေး တုန်ချည့်ချည့်၊ လက်ကလေးတုန်ချည့်ချည့်
ဖြင့် ထမင်းသုံးဆောင်နေကြသော အဘိုးအဘွားတို့၏ ပုံစံက ရှောင်လွှဲမရသည့် ဇရာသဘောကို ပြနေ
သည်။
မိတ်ဆွေလင်မယားကိုကြည့်လိုက်တော့လည်းတပြုံးပြုံးနဲ့။သူတို့၏အိမ်ထောင်သက် ၁၀နှစ်
ပြည့်မင်္ဂလာအဖြစ် သည်ဘိုးဘွားရိပ်သာမှာ ထမင်းတစ်နှပ်ကျွေးပြီး ဒါနလုပ်လိုက်ရသည်ကို ပီတိတွေဝေနေ
ပုံရသည်။ ကျွန်တော်ကတော့သူတို့ ဖိတ်ကြားခြင်းကြောင့် လိုက်လာခဲ့ရ သော ဧည့်သည် သက်သက်သာ။
ထိုစဉ် ကြည်နူးစရာမြင်ကွင်းထဲမှ အကျဉ်းတန်မှုတစ်ခုကိုတွေ့လိုက်ရသည်။ ထောင့်စွန်းခုံနားမှာ
ထိုင်နေသည့် အဘွားအိုတစ်ယောက်က စားပွဲပေါ်မှ အချိုပွဲကျောက်ကျောတုံးတွေကို ကြွပ်ကြွပ်အိတ်ထဲ
မသိမသာ ခိုးထည့်နေသည်။ သြော်...သည်အဘွားနှယ် အသက်ကြီးသလို လောဘကလည်း ကြီးနေဆဲပါလား။ အလှူ့ရှင်တွေတွေ့ရင် စေတနာပျက်ချင်စရာ။
မကြာမီအဘိုးအဘွားတွေထမင်းသုံးဆောင်ပြီးအိပ်ဆောင်တွေဆီ ပြန်လည်ထွက်ခွာ သွားကြသည်။ စားသောက်ပြီးနောက် အိမ်ပြန်ရန် ထမင်းစားဆောင်နောက် ဘက်သို့ ဖြတ်အလာမှာ
ခုနက ကျော်ကျောတွေ ကျွတ်ကျွတ်အိတ်ထဲထည့်ယူနေသော အဘွားနှင့်စားပြီးသားပန်ကန်တွေကို ဆေး
နေသည့် အလုပ်သမားမိန်းမတို့ စကားဆိုနေကြသည်ကို ကြားလိုက်ရသည်။
" ဟဲ့...မိအေးရဲ့...ကလေးကို မဟောက်ပါနဲ့။ ငါက စားစေချင်လို့ ယူလာတဲ့ဟာ "
" နောက်ကို မယူလာပါနဲ့အဘွားရွှေရယ်။ တော်ကြာ အိုကြီးအိုမဆီကညာစားတယ်လို့ အပြော
ခံနေရပါ့မယ်. ကျွန်မက မရှိဆင်းရဲပေမဲ့ သည်လိုတော့အပြောမခံနိုင်ဘူး "
" အိုအေ...ဘယ်သူဘာပြောပြော...ညည်းသားကို ငါ့မြေးလို ချစ်လို့ငါ့ဝေစုထဲက ငါမစားဘဲခွဲယူ
လာတာ၊ ကလေးစားပါစေအေ " ပြောပြောဆိုဆို အဘွားအိုက တောင်ဝှေးကို အားပြုကာ တုန်တုန်ချည့်
ချည့်ဖြင့် လျှောက်သွားပါသည်။ ပန်းကန်ဆေးနေသည့် မိန်မ၏ဘေးမှာတော့ ကျောက်ကျောတုံးကို အားပါး
တရ စားနေသည့် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး။
ကျွန်တော်သည် တရွေ့ရွေ့ ထွက်ခွာသွားသော အဘွားအို၏ နောက်ကျောကို ကြည့်ကာ လက်အုပ်ချီ တောင်းပန်လိုက်မိပါတော့သည်။

-----------------------------------

စိုးညွန့်ဝေ( လွိုင်ကော် )
ကလျာမဂ္ဂဇင်း၊
စက်တင်ဘာလ၊ ၂၀၀၈။

No comments: