မင်္ဂလာပါခမျာ..ရောက်လာကြသော လာဖတ်သူအားလုံးကို ကြိုဆိုပါတယ်ခင်မျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Friday, July 20, 2012

မာန သုံးပါး

မာန သုံးပါး

ပုရာဘေဒသုတ် မှာ – မာန နဲ့ပတ်သက်လို့ သုံးမျိုး ဆိုပါတယ်။

လောကေ – လောက၌၊ အတ္တာနံ – မိမိ ကိုယ်ကို -
၁။ – သမေ – သူတစ်ပါးနှင့် တူညီသည် ဟူ၍လည်း၊ န မညတေ- မထင်မှတ်အပ်။
၂။ – န ဝိသေသိ – သူတစ်ပါးထက် ထူးမြတ်သည် ဟူ၍လည်း၊ န မညတေ – မထင်မှတ်အပ်။
၃။ – န နီစေယျော – သူတစ်ပါးထက် နိမ့်ကျသည် ဟူ၍လည်း၊ န မညတေ – မထင်မှတ်အပ်။
————————


စင်စစ် ကြည့်ရင် – မာန် (ဝါ) မာန ဟာ – သူတစ်ပါးနဲ့ နှိုင်းယှဉ်တဲ့ အခါတွေမှာ ပေါ်ပေါက် တာ ဖြစ်ပါ တယ်။ မိမိ တစ်ဦးတည်း အထီးတည်း အဖြစ်ကို လက်မခံနိုင်ခြင်း သဘော ကိုပဲ မာန်၊ မာန လို့ ခေါ်ဆို တယ်။ ရှေးဆရာ တို့ အလို အားဖြင့် သူ့မှာ- ဥဏ္ဏာတိ လက္ခဏာ ၊ “တက်ကြွတဲ့ သဘော” ရှိတယ် လို့ ဆိုပါတယ်။

ဒီ သုံးမျိုး မှာ – မိမိ ကိုယ်ကို ၁။ အခြား သူတစ်ပါး နဲ့ နှိုင်းတုခြင်း၊ ၂။ သူတစ်ပါး ထက် ထူးမြတ် တယ် လို့ မှတ်ယူခြင်း – ဒီ နှစ်ချက်ဟာ တက်ကြွ၊ထောင်လွှား တဲ့ သဘော ဖြစ် တယ် လို့ လူ အများ သိမြင် ရ လွယ်ကူ တယ်။ တတိယ အမျိုး အစား “န နီစေယျော” – သူတစ်ပါး ထက် နိမ့်ကျတယ် လို့ မှတ်ယူ တဲ့ မာန ကို တော့ တက်ကြွ တဲ့ သဘော အနေ နဲ့ သိမြင် ခဲ တယ်။ အများ အားဖြင့် မှာ လည်း – အဲ့ မာန ဝင်ရင်း — ငါ့မှာ မာန်မာန မရှိဘဲ- လို့ ထင်မြင် နေ စရာ ရှိပါ တယ်။ ဒါပေမယ့် – စင်စစ် – မိမိ ကိုယ် ကို အနိမ့် မှာ ထားရင်း ရှိနေ တဲ့ ဒီ မာန ဟာ မိမိကိုယ်ကို နိမ့်ချတယ် ဆိုတဲ့ နိဝါတ မဟုတ်ဘူး။ ယုတ်နိမ့်တဲ့ အဆင့် အတန်း တစ်ခု အနေ နဲ့ မိမိ ကိုယ်ကိုယ် ဂုဏ်ယူ တဲ့ သဘော သာ ဖြစ်ပါတယ်။

“ငါ – ဘယ်သူတွေ ထက် မိုက်တယ်။ ငါဟာ သူတို့တွေထက် ပိုခံစားရတယ်။ ငါ ဟာ သူတို့တွေ ထက် ပိုနာကျင် ခဲ့ရတယ်။ ငါသာ အတ္တအနည်းဆုံး၊ ငါ့မှာ ဘာမှ ငဲ့ကွက်စရာ မရှိဘူး။ မလိုဘူး။ ငါ့မှာ ဘာ ဂုဏ်မှ တက်စရာ မရှိဘူး။” — စသဖြင့် မိမိရဲ့ အတွေးသန္တာန် မှာ အောက်ကျ တဲ့ အခြေအနေ ကို အခြေပြု ကုပ်ယူပြီး- ဂုဏ်ယူတာ တစ်မျိုး ပဲ။

ကျေးကျွန် အဖြစ်နဲ့လည်း – “ငါဟာ အိမ်ပေါက်ကျွန် ဖြစ်တယ်၊ ကျွန်ရင်း ဖြစ်တယ်” လို့ ကျွန်တွင်း နက် တယ်။ ဒါကိုပဲ ဂုဏ်ယူ နေ တတ်တယ်။ အောက်ကျ တဲ့ အဖြစ်၊ နိမ့် တဲ့ အဖြစ် ကနေ အခြား တစ်ပါး နဲ့ နှိုင်းယှဉ် တယ်။ ဒါကိုက တက်ကြွတဲ့ စိတ်သဘောက ရှိနေ တာ ဖြစ်ပါတယ်။

ဘာဝနာ ထုံမွှမ်း “ပြီး” သူ မဖြစ်သေးခင် အထိ – ဒီမာနသုံးမျိုးက အထိုက် အလျောက် ရှိ တယ်။ ဘာဝနာ မပြုနိုင် တဲ့ ပုဂ္ဂိုလ်၊ ပြုစ ပုဂ္ဂိုလ် ၊ ဘာဝနာ ပြုဆဲ ပုဂ္ဂိုလ် တွေ မှာ – မာန က အထိုက် အလျောက် ရှိနေကြ တာ ချည်းပဲ။

ဘာဝနာ နေရာ မကျသေးသူက – မိမိကိုယ်ကို ဘယ် အဆင့် ရောက်ပြီ၊ ငါ ဘာဖြစ်ပြီ စသဖြင့် မာန်မာန တက်ကြွားမှု ရှိတတ်သလို၊ “ငါဘယ်သူထက် သာပြီ၊ သူတစ်ပါး တွေက ငါ့လောက် အတွေ့အသိ အမြင်မရှိဘူး” – ဆိုတဲ့ အဖြစ် နဲ့ မိမိကိုယ်ကိုယ် အမြင့် အမြတ် ထားပြီးလည်း မာန်တက် တာမျိုး ရှိသေး တယ်။

စစချင်း ပွားများ ကာစ ပုဂ္ဂိုလ်မှာလည်း မာန် ရှိတယ်။ – “ငါက ခုမှ အားထုတ် ကာစ ရှိသေးတာပဲ၊ သူ့လောက် မှ အမှတ်ဂရု ရှိ မနေနိုင် ပဲကို၊ အဲ့တော့ ဘာအရေးလဲ။ ငါ မှ မမှတ်နိုင် သေးတာ ဒါ ဘာဆန်း လဲ” စသဖြင့် မိမိ ကိုယ်ကိုယ် အောက်နိမ့်ချ ပြီး လည်း မာန်မာန ရှိပါတယ်။

စင်စစ် မည်သူ မည်ဝါ ဖြစ်ပါစေ – မိမိ ကိုယ်ကို တစ်ပါးသူနဲ့ မနှိုင်းယှဉ် တော့ ဘူး ဆိုရင် – အဲ့ဒီ အချိန် – မိမိ သန္တာန်မှာ – မာန ကင်းဆိတ် သွားတယ်။ မိမိ အဖြစ် ကို မိမိ ဘာသာ အရှင်းသား သိမြင် တယ်။ ဒီလောက မှာ – ဒီလူ့ အဖွဲ့ အစည်းကြား၊ လူအများ ကြားမှာ – မိမိ ဟာ အသွင်သဏ္ဍာန် တူနေတဲ့ Alien တစ်ကောင် သာ ဖြစ် ပါတယ်။ ဘယ်သူ နဲ့ မှ မတု၊ မယှဉ် တော့ တဲ့ အခါ – ထောင်လွှားတဲ့ သန္တာန် ကင်းငြိမ်းသွားတယ်။ စိတ်မာန် – မထောင်လွှားတော့ တဲ့ အခါ – မိမိ အဖြစ် တစ်ခုတည်း အတွင်း အေးငြိမ်း ပြီးသား ရှိ တယ်။ ဒီ အချိန်မှာ – မိမိ ကိုယ်တိုင်ရဲ့ အဖြစ်ဟာ – အထက်လည်း မဟုတ် ဘူး။ အောက်လည်း မဟုတ် ဘူး။ အခြားသူနဲ့လည်း မတူဘူး။ — အထီး တည်း အဖြစ် – ကျေလည်ပြီးသား ရယ်။ မိမိ လောက မှာ မိမိ တစ်ကိုယ် တည်း ငြိမ်ဝပ် ပြည့်စုံ နေတယ်။

စင်စစ် ဆိုလိုရင်းက – မာန်မာန ကင်းနေသူ ဟာ မိမိတစ်ကိုယ်တည်း ထွန်းလင်းနေ သူ ဖြစ်ပါတယ်။
……………..
Ref: ပုရာဘေဒသုတ်၊

No comments: