မင်္ဂလာပါခမျာ..ရောက်လာကြသော လာဖတ်သူအားလုံးကို ကြိုဆိုပါတယ်ခင်မျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Sunday, March 4, 2012

မြန်မာပြည်လေကြောင်းတိုက်ပွဲ (ဦးလှဝင်း (လေသူရဲတစ်ဦး))



ကျွန်တော်သည် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)တွင် စစ်ဦးစီးမှူး (တတိယတန်း) သုတေသနအဖြစ် အမှုထမ်းရစဉ် ထိုစဉ်က တပ်မတော်(လေတပ်) သမိုင်းပြုစုရေးကော်မတီ၏ အတွင်းရေးမှူးအဖြစ်လည်း ပူးတွဲတာဝန်ထမ်းဆောင်ခဲ့ရပါသည်။



ဗမာ့တပ်မတော် (လေတပ်) သမိုင်းပြုစုရေးအတွက် သမိုင်းဝင်အချက်အလက် မှတ်တမ်း အမြောက်အများကို လေ့လာခွင့်ရခဲ့ပါသည်။ မြန်မာလူမျိုးများအတွင်းမှ ပထမဆုံး လေယာဉ်မောင်းတက်ခဲ့သည့် ပုဂ္ဂိုလ်များမှာ ၁၉၄၀ ခု၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် အင်္ဂလိပ် အစိုးရ အရေးပေါ် တည်ထောင်ပေးခဲ့သော (B,V.A,F) ခေါ် မြန်မာ့ အပျော်တမ်းလေတပ်၏ ပထမဆုံး မင်္ဂလာဒုံ၌ ဖွင့်လှစ်ခဲ့သော အမှတ်(၁) လေယာဉ်မောင်းသင်တန်းကို တက်ရောက်ခဲ့သည့် ပုဂ္ဂိုလ်များဖြစ်ပါသည်။



အောက်ပါ အဖြစ်အပျက်များမှာ ယင်း ပထမဆုံးလေယာဉ်မောင် သင်တန်းတက်ခဲ့သည့် မြန်မာလေသူရဲတစ်ဦးဖြစ်သော ဗိုလ်လှရီကို ဇာတ်ကောင်ပြု၍ မြန်မာနိုင်ငံ လေကြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် (Wing of the Phoenix) သမိုင်းဝင် လေကြောင်းမှတ်တမ်းများအပေါ် ဇာတ်အိမ်ဖွဲ့ပြီး ရေးသားထားခြင်း ဖြစ်ပါသည်။



ဤဇာတ်လမ်း၏ အဓိကရည်ရွယ်ချက်မှာ ဗုံးကြဲလေယာဉ်ပျံတစ်စင်း၏ ညဘက်တိုက်ပွဲဝင်ရာ၌ လေကြောင်းလမ်းပြတစ်ဦး၏ ပါဝင်ပုံကို မြင်သာအောင် တင်ပြထားခြင်းသာဖြစ်သည်။ လေကြောင်းပညာ တတ်သိချင်စိတ် ပွားရေးအတွက်သာဖြစ်၏။ သမိုင်းမှတ်တမ်းမဟုတ်ပါ။



လေသူရဲ ဗိုလ်လှရီ၏ ဘ၀မှတ်တမ်းများကို လေ့လာချက်အရ ဤပုဂ္ဂိုလ်သည် ဒုတိကမ္ဘာစစ်ကြီးအတွင်း ကမ္ဘာကျော် (The Battle of Britain) ခေါ် ဗြိတန်လေကြောင်း တိုက်ပွဲကြီး၌ ဘုရင့်လေတပ်မတော် (R.A.F) နှင့် တွဲဖက်၍ လေကြောင်းတိုက်ပွဲများ ပါဝင်ဆင်နွှဲခဲ့ဖူးပြီး ဒုတိယကမ္ဘာစစ် မပြီးမီ လေကြောင်းတိုက်ပွဲတစ်ခု၌ လေယာဉ်ပျက်ကျ သေဆုံးသွားခဲ့သည်ဟု သိရပါသည်။



ဦးလှဝင်း (လေသူရဲတစ်ဦး)







“ဗိုလ်လှရီလား”

“ဟုတ်ကဲ့”

“ကျွန်တာ် စခန်းတပ်ရေးအရာရှိပါ။ ခင်ဗျားပြောင်းရွှေ့မိန့် ကြေးနန်း ခုပဲ ရောက်လာတယ်”

“ဟုတ်လား၊ ဘယ်လိုလဲ”

“ဒမ်ဒမ်လေတပ်စခန်းက အမှတ် ၆၀၇၊ ဗုံးကြဲလေယာဉ်အုပ်ကို”

“ဟုတ်ရဲ့လားဗျ၊ ကျုပ်နဲ့ ဗုံးကြဲလေယာဉ်အုပ်စုက ဘာဆိုင်လို့လဲ”

“မသိဘူး။ အမိန့်ကြေးနန်းက ဒီအတိုင်းရောက်နေတယ်။ နောက်ပြီး အထူးအရေးကြီးလို့ လေ့ကျင့်ရေး လေယာဉ်ပျံတစ်စင်းနဲ့ ခင်ဗျားကို မနက်ဖြန်မနက် အရောက်ပို့ရမယ်တဲ့။ အဲဒါ ခင်ဗျား အဆင်သင့်ပြင်ထား။ မနက်ဖန်မနက် ၆ နာရီခွဲမှာ လေယာဉ်ပျံထွက်မယ်။ ၆ နာရီမှာ ခင်ဗျားကို ကြိုဖို့ ကားလွှတ်လိုက်မယ်။ ရှင်းတယ်နော်”

“ဟုတ်ကဲ့… ဟုတ်ကဲ့”

တစ်ဖက်မှ ဖုန်းချသွားလေပြီ။



ဗိုလ်လှရီသည် တယ်လီဖုန်းကို လက်တစ်ဖက်နှင့်ကိုင်ရင်း ပြန်မချနိုင်သေးဘဲ အဝေးကို ငေးကြည့်နေသည်။



အချိန်မှာ ၁၉၄၂ ခုနှစ်၊ မေလအတွင်း ဖြစ်၏။



သူသည် ၁၉၄၀ ခုနှစ်၊ အာရှတိုက်သို့ စစ်မီးကူးလုဆဲ အချိန်တွင် မြန်မာနိုင်ငံ၌ အင်္ဂလိပ်တို့ အရေးပေါ်ဖွဲ့စည်းသော ဘီ၊ဗွီ၊အေ၊အက် ခေါ် အပျော်တမ်း မြန်မာလေတပ်မတော်တွင် လေသူရဲအဖြစ် မြန်မာလူမျိုးထဲမှ ပထမဆုံး ၀င်ရောက်ခဲ့သူတစ်ဦး ဖြစ်၏။



ထိုစဉ်က သူ တက်ရောက်သော သင်တန်းကို အင်္ဂလိပ်လေယာဉ်မောင်းနည်းပြဆရာများက (တိုက်ဂါးမောက်)ခေါ် အတောင်နှစ်ထပ် အမောင်းသင် လေယာဉ်ပျံများဖြင့် သင်တန်းစပေးခဲ့ပါသည်။



သင်တန်းပေးခဲ့သော နေရာမှာ မင်္ဂလာဒုံ လေယာဉ်ကွင်းတွင် ဖြစ်၏။



သို့သော် မင်္ဂလာဒုံ လေယာဉ်ကွင်းဟု ဆိုရာတွင် ယခု လေယာဉ်ကွင်းမဟုတ်၊ (ပီအက်ပီ) သံပြားများဖြင့် ခင်းထားသည့် ကွင်းဟောင်းဖြစ်၏။



ဗိုလ်လှရီ တက်ရောက်သော သင်တန်းမျာ အခြေခံသင်တန်းကိုသာ မြန်မာနိုင်ငံ၌ပေးပြီး တန်းမြင့် လေယာဉ်မောင်းသင်တန်းကို နယူးဇီလန်ကျွန်းတွင် တက်ရောက်ရ၏။



သူ တက်ရောက်သော သင်တန်းမှာ ၁၉၄၂ ခုနှစ် ဇန်န၀ါရီလ အစပိုင်းလောက်တွင်မှ ပြီးဆုံး၏။



ဗိုလ်လှရီသည် သင်တန်းပြီးချိန်၌ မြန်မာနိုင်ငံသို့ မပြန်နိုင်တော့ပါ။ သူ စတင်ဝင်ရောက် အမှုထမ်းခဲ့သော ဘီဗွီအေအက်ဖ်ခေါ် မြန်မာ့အပျော်တမ်း လေတပ်မှာလည်း ဂျပန်တို့ ထိုးစစ်ကြောင့် မြန်မာနိုင်ငံတွင် မရှိတော့။



အိန္ဒိယနိုင်ငံသို့ အပြီးအပိုင် ပြောင်းခဲ့ရလေပြီ။



ဗိုလ်လှရီ သူ့တပ်ဖွဲ့ရှိရာ အိန္ဒိယနိုင်ငံသို့ ပြန်ရန်မှာလည်း ထိုစဉ်က အိန္ဒိယသမုဒ္ဒရာကို ဂျပန်ရေတပ်က စိုးမိုးနေပြီဖြစ်၍ သူ့ခမျာ မပြန်နိုင်။ ထို့ကြောင့် နောက်ဆုံး အင်္ဂလိပ်အစိုးရ၏ စီစဉ်ပေးချက်အရ ဘုရင့်လေတပ်မှ ရဲဘော်များနှင့်အတူ အမေရိကန်ပြည်ထောင်စုဘက်မှ လှည့်၍ အင်္ဂလန်နိုင်ငံသို့ လိုက်ပါသွားရ၏။



အင်္ဂလန်နိုင်ငံသို့ ရောက်သောအခါ၌လည်း သူသည် တစ်လပြည့်အောင် မနေရပါ။



သူနှင့်အတူ မြန်မာ့အပျော်တမ်း လေတပ်မတော်မှ ပါလာကြသည့် လေသူရဲ ၇ ဦးတွင် ၆ ဦးမှာ ဥရောပစစ်မျက်နှာတွင် တာဝန်ထမ်းဆောင်ရပြီး သူတစ်ဦးတည်းသာ အာရှစစ်မျက်နှာတွင် တာဝန်ထမ်းဆောင်ရန်အတွက် အိန္ဒိယနိုင်ငံ (အင်ဖား)မြို့ (မရမ်းမီး) လေတပ်စခန်းသို့ ပြောင်းရွှေ့ခဲ့ရပြန်သည်။



(အင်ဖား) မရမ်းမီး လေတပ်စခန်းမျာ တိုက်လေတပ်စခန်းဖြစ်၏။ မြန်မာနိုင်ငံနှင့်လည်း မဝေးလှ။



အိန္ဒိယမြန်မာ နယ်စပ်နှင့် မိုင် ၇၀ သာ ဝေးပေသည်။ ဗိုလ်လှရီ ထိုစခန်းတွင် အဓိက ထမ်းဆောင်ရသည့် တာဝန်မှာ ဂျပန်တို့၏ ထိုးစစ်မြားဦးဖြစ်သော လေကြောင်းရန် ကာကွယ်ရေးပင်ဖြစ်၏။



သူသည် ယခု (မရမ်းမီး) လေတပ်စခန်းသို့ ပြောင်းရွှေ့လာခဲ့သည့်မှာ ၄ လပင် မပြည့်သေးပါ။



ထို လေးလအတွင်း ဂျပန်(ဇီးရိုး)တိုက်လေယာဉ်ပျံ နှစ်စီး ပစ်ချနိုင်ခဲ့၏။ ထို့ကြောင့်လည်း မရမ်းမီးလေတပ်စခန်းရှိ ဗြိတိသျှ ဘုရင့်လေတပ်မတော်နှင့် အိန္ဒိယလေတပ်မတော်မှ လေသူရဲများအလယ်တွင် သူ့ဂုဏ်မှာ မညှိုးလှပါ။ အောင်မြင်သော တိုက်လေသူရဲအဖြစ် အသိအမှတ်ပြု ခံထားရသူဖြစ်၏။



ယခု ဘာကြောင့်ဟူ၍ မတွေးဆတတ်။



(ဒမ်ဒမ်)လေတပ်စခန်း အမှတ် (၆၀၇) ဗုံးကြဲလေယာဉ်အုပ်ကို ပြောင်းရမည်တဲ့။



သူသည် ဗုံးကြဲလေသူရဲ အလုပ်ကို ၀ါသနာမပါပါ။ ကိုယ့်ကိုယ်ကိုယ် အဓိက အားထားတိုက်ရသော တိုက်လေသူရဲအလုပ်ကိုသာ ၀ါသနာပါသူဖြစ်၏။ ဗုံးကြဲလေယာဉ်မောင်းရမည်မှာ ခရီးသည်လေယာဉ်ပျံ မောင်းရသကဲ့သို့ပင် သူ ငြီးငွေ့လှ၏။



သို့သော် စစ်သားဘ၀မို့ အမိန့်ကို သူမလွန်ဆန်နိုင်။ အမိန့်ထုတ်ထားသည့်အတိုင်း အမှတ် (၆၀၇) ဗုံးကြဲလေယာဉ်ပျံအုပ်ကို မနက်ဖြန် သူ ပြောင်းရတော့မည် ဖြစ်၏။



အချိန်မှာ ည ၈ နာရီ ထိုးလုပေပြီ။

သူ အိန္ဒိယ မြန်မာ နယ်စပ်တစ်လျှောက် လေကြောင်းကင်းလှည့်၍ သူ စခန်းပြန်ရောက်သည်မှာ တစ်နာရီပင် မပြည့်သေးပါ။

+++



အိန္ဒိယစံတော်ချိန် မနက် ၇ နာရီ။

ဗိုလ်လှရီ (မရမ်းမီး)လေတပ်စခန်းမှ ထွက်လာခဲ့သည်မှာ မိနစ် ၂၀ ခန့် ရှိသွားလေပြီ။



သူ့ကို (ဒမ်ဒမ်) လေတပ်စခန်းသို့ လိုက်ပို့သည့် လေယာဉ်ပျံမှာ (ဟာဗတ်)ခေါ် အမောင်းသင် လေယာဉ်ပျံငယ်လေး ဖြစ်၏။ ခရီးသည်ဟူ၍ သူ တစ်ဦးတည်းသာ လိုက်ပါ၍ ရပေသည်။

“လက်ဖတင်နယ်… ခင်ဗျား အာရှတိုက်သားပဲ မဟုတ်လား”

“ဟုတ်တယ်”

“ကျွန်တော့်နာမည်က (ဒါဂလက်)ပါ။ သြစတြေးလီးယား လူမျိုး။ ခင်ဗျားနာမည်က”

“လှရီ”

“ခင်ဗျား အိန္ဒိယလူမျိုးနဲ့လဲ မတူဘူး”

“ဟုတ်တယ်။ ကျွန်တော် အိန္ဒိယသားမဟုတ်ဘူး။ မြန်မာပါ”

“မြန်မာ…။ ကျွန်တော် အာအေအက်(ဖ်)ထဲမှာ ခင်ဗျားတစ်ယောက်ပဲ မြင်ဖူးသေးတယ်”

“ကျွန်တော် (အာ၊အေ၊အက်ဖ်)က မဟုတ်ဘူး။ ဘီဗွီအေအက်(ဖ်)ကပါ။ ဒါပေမယ့် မထူးပါဘူး။ ကျုပ်တို့ ဘီဗွီအေအက်(ဖ်)လဲ အင်္ဂလိပ်အစိုးရက ဖွဲ့ပေးထားတဲ့ အင်္ဂလိပ်လက်အောက်ခံ လေတပ်ဖွဲ့တစ်ခုပါပဲ”



ဗိုလ်လှရီဘေး ဘယ်ဘက်လေသူရဲထိုင်ခုံတွင် ထိုင်၍ လေယာဉ်ပျံကို ဂရုတစိုက်မောင်းနေသော ဒုဗိုလ်အဆင့်ရှိ လေသူရဲလေးမှာ ပျင်းနေဟန်ရှိ၏။ ဗိုလ်လှရီကို စကားရှာပြီး မေးခွန်း အမျိုးမျိုးထုတ်နေသည်။



ဗိုလ်လှရီကမူ သူနှင့် စကားမပြောလိုလှ။

သူ့ကို ရုတ်တရက် အမှတ် ၆၀၇ ဗုံးကြဲလေယာဉ်အုပ်စုသို့ အပြောင်းခံလိုက်ရသည်ကို ဘ၀င်မကျနိုင်ဘဲ ရှိ၏။ ရင်ထဲတွင်လည်း အတွေးမျိုးစုံနှင့်။



“ခင်ဗျား (အင်ဖား)ကို ရောက်နေတာ ကြာပြီလား”

“မကြာသေးဘူး။ လေးလပဲ ရှိသေးတယ်”

“ဟင်… လေးလထဲ တိုက်လေယာဉ်အုပ်မှာထားပြီး ဗုံးကြဲလေယာဉ်အုပ်ကို ပြောင်းရတယ်”

“ဟုတ်တယ်”

“ဘာကြောင့်လဲဗျ”

“မသိဘူး”

“ခက်တယ်။ ကျွန်တော်လဲ လေယာဉ်မောင်းသင်ကျောင်းက သင်တန်းပြီးနေတာ ခြောက်လကျော်နေပြီ။ တိုက်လေယာဉ်ပျံကို လွှတ်မလိုလို၊ ခရီးသည်တင်လေယာဉ်အုပ်ကိုပဲ ပြောင်းထားမလိုလိုနဲ့ ခု အိန္ဒိယ စစ်မျက်နှာမှာ မအူမလယ်နဲ့ နေရတာ တော်တော်ကြာသွားပြီ။ လုပ်နေရတဲ့အလုပ်ကတော့ ခု လေယာဉ်ပျံငယ်ကလေးကို မောင်းပြီး (တက်ဆီ)ဒရိုင်ဘာ အလုပ်ပါပဲ။ ကျွန်တော်လဲ ပျင်းတယ်ဗျာ။ အင်း… ဒါပေမယ့် အမှတ် ၆၀၇ ဗုံးကြဲလေယာဉ်အုပ်ကို ပြောင်းလာကြတဲ့ လေသူရဲတွေက အများကြီးဗျ။ ကျွန်တော်လိုက်ပို့ပေးရတာပဲ ခင်ဗျားပါနဲ့ဆိုရင် အိန္ဒိယစစ်မျက်နှာမှာ ငါးယောက် ရှိသွားပြီ”



ဗိုလ်လှရီ၏ စိတ်တွင် ရုတ်တရက် တွေဝေ၍သွား၏။ လေယာဉ်မှူး ဒု-ဗိုလ်လေး၏ စကားကိုလည်း စိတ်ဝင်စား၍လာ၏။



“ဘာကြောင့် ပြောင်းလာကြတယ်ဆိုတာ မသိဘူးလား”



“မသိဘူး။ နောက်လေယာဉ်ပျံသစ်တွေကလဲ တဖွဲဖွဲရောက်နေတယ်။ စက်လေးလုံးတပ် (လင်ကတ်စတာ)လို ဗုံးကြဲလေယာဉ်ပျံကြီးတွေသာ မဟုတ်ဘူး။ (၀ဲလင်တန်း)လို ဒီနေ့ သင်တန်းကျောင်းသုံး လေယာဉ်ပျံအိုကြီးတွေလည်း ရောက်နေတယ်”



ထိုအချိန်၌ ဗိုလ်လှရီလိုက်ပါလာသော (ဟာဗတ်)လေယာဉ်ပျံလေးမှာ (ဆင်းကျန်း)မြို့လေးကို ကျော်ခဲ့လေပြီ။ နောက်မိနစ်ပိုင်းအတွင်း (ဒမ်ဒမ်) လေတပ်စခန်းကို ရောက်ပေတော့မည်။



(ဒမ်ဒမ်)လေတပ်စခန်းမှာ အိန္ဒိယနိုင်ငံ (ကာလကတ္တား)မြို့အနီးတွင်ရှိ လေတပ်စခန်းဖြစ်၏။

ဗိုလ်လှရီ၏ ရင်ထဲတွင် အမျိုးမျိုးတွေးနေသည်။



လေသူရဲတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းလာနေတယ်။ လေယာဉ်ပျံသစ်တွေ တဖွဲဖွဲ ရောက်နေတယ်။



+++



“ဗိုလ်မှူး… ကျွန်တော် လက်ဖတင်နင် လှရီပါ”

“သြော်… ထိုင် ထိုင်၊ မောင်ရင့်ကို မျှော်နေတာ”



အချိန်မှာ နံနက် ၉ နာရီခန့် ရှိလေပြီ။ ဗိုလ်လှရီသည် (ဒမ်ဒမ်) လေတပ်စခန်းသို့ ရောက်ရောက်ချင်းပင် အမှတ် ၆၀၇ လေတပ်အုပ်မှူးသို့ သတင်းပို့လိုက်၏။



“မောင်ရင် မြန်မာလူမျိုးနော်”

“ဟုတ်တယ်…”

“ရန်ကုန်သားလား”

“မဟုတ်ဘူး။ ဒါပေမယ့် ရန်ကုန်တက္ကသိုလ်မှာ နှစ်နှစ် ပညာသင်ဖူးပါတယ်။ လေယာဉ်မောင်းသင်တန်းလဲ ရန်ကုန်အနီးမှာပဲ တက်ခဲ့တယ်”



“ရန်ကုန်မြို့အနေအထား အားလုံး သိမှာပေါ့”

“သိပါတယ်”



“မောင်ရင်… ဗုံးကြဲ လေယာဉ်ပျံအလုပ် ၀ါသနာပါလား”

“မပါဘူး။ ဒီလေယာဉ်ပျံလဲ မမောင်းချင်ဘူး”



ဗိုလ်လှရီသည် အားမနာတမ်းပင် သူ့ရင်ထဲရှသည့်ဆန္ဒကို ဘွင်းဘွင်းပင် ပြောချလိုက်၏။



အုပ်မှူးမှာ သူ့စကားကြောင့် အနည်းငယ်မျှ မျက်နှာမပျက်သွားပါ။



“အေး… မမောင်းရပါဘူး။ မောင်ရင့်ကို လေကြောင်းလမ်းပြအဖြစ် သုံးမလို့”



“ဘာ… လေကြောင်းလမ်းပြ။ ကျွန်တော်က လေသူရဲပဲ”



“ဟုတ်တယ်။ မောင်ရင့်ကို ယာယီလေကြောင်းလမ်းပြ လုပ်ခိုင်းမလို့။ ဒီစခန်းကို ရောက်နေတဲ့ လေသူရဲတွေ ဘယ်သူမှ သူတို့ဘယ်လိုစစ်ဆင်ရေးမျိုးကို ထမ်းဆောင်ရမယ်ဆိုတာ မသိကြသေးဘူး။ ထိပ်တန်းလျှို့ဝှက်ချက် ထုတ်ထားတယ်။ တို့ ရန်ကုန်ကို လေယာဉ်ပျံတွေ အုပ်လိုက်သွားပြီး ဗုံးကြဲမယ်။ ခု ဗြိတိသျှ တပ်မတော်တစ်ခုလုံး မြန်မာနိုင်ငံက လုံးဝဆုတ်ခဲ့ရပြီ။ မြန်မာနိုင်ငံမှာ ကျန်နေတဲ့ မြန်မာလူမျိုးတွေ စိတ်ဓာတ်တက်ဖို့ဟာ ဗြိတိသျှ တပ်မတော်ရဲ့ အစွမ်းဟာ ဘယ်လောက်ထက်တယ်ဆိုတာကို မပြတ် ပြနေဖို့ အရေးကြီးတယ်။ ခုအချိန်မှာ တို့ပြနိုင်မှာက မြန်မာနိုင်ငံရဲ့ မြို့တော် ရန်ကုန်မြို့တော်အထိ ရန်သူ့ပိုင်နက်တွေကို ထိုးဖောက်ပြီး လေယာဉ်တွေ အုပ်လိုက်နဲ့ ထိထိရောက်ရောက် ဗုံးကြဲပြဖို့ပဲ။ ဒီစစ်ဆင်ရေးဟာ သိပ်မကြာဘူး။ နှစ်ပတ်ပဲ ကြာမယ်။ ဒီစစ်ဆင်ရေး အောင်မြင်ပြီးသွားတာနဲ့ မောင်ရင့်ကို တိုက်လေယာဉ်စခန်းတစ်ခုကို ပြန်ပို့ပေးမယ်။ “မရမ်းမီး”လေတပ်စခန်းက ပို့ထားတဲ့ မောင်ရင့် ကိုယ်ရေးမှတ်တမ်းတွေကို ဖတ်ကြည့်ပြီးပြီ။ တိုက်လေယာဉ်မောင်း လေသူရဲအနေနဲ့ အလားအလာကောင်းတွေ အများကြီးရှိတယ်။ မောင်ရင် ဗုံးကြဲလေယာဉ်ပျံရဲ့ လေကြောင်းလမ်းပြနည်းတွေ သင်ဖူးသလား”



“မသင်ဖူးဘူး။ တိုက်လေယာဉ် ပျံနည်းပဲ သိတယ်။”



“သိပ်တော့မထူးပါဘူး။ ဒါပေမယ့် တို့က ပိုပြီး အနုစိတ်ရတယ်။ မင်းတို့ တိုက်လေယာဉ်ပျံတွေ ဘယ်တုန်းကမှ မသွားတဲ့ ခရီးအဝေးကြီးမျိုး ရန်သူ့ပိုင်နက် နယ်မြေထဲ ညဘက်ထိုးဖောက်ရမှာဆိုတော့ မြေပြင်အနေအထားတွေက အမြဲစိမ်းနေမယ်။ မင်းတို့ ဘယ်တုန်းကမှ မသုံးတဲ့ ကြယ်တွေ နက္ခတ်တွေ ရေဒီယို လမ်းညွှန်ကိရိယာတွေ သုံးပြီး ကိုယ့်လေယာဉ်ပျံ ရောက်နေတဲ့ တည်နေရာကို အမြဲ သိနေဖို့ လိုတယ်။ ဒါတွေက မင်းလဲ အခြေခံတွေ လေယာဉ်မောင်းသင်တန်းကျောင်းတုန်းက အားလုံးသိထားပြီးသားပါ။ မင်း လေ့ကျင့်ဖို့ (၂)ပတ် အချိန်ရမယ်။ မင်း အဓိက ထမ်းဆောင်ရမယ့် တာဝန်က ပစ်မှတ်ကို တို့ ဗုံးကြဲလေယာဉ်ပျံတွေ ဗုံးချတဲ့အခါမှာ မမှားဖို့ပဲ။ ဒီတော့ မင်းဟာ ဗုံးကြဲမယ့်နေ့မှာ ရှေ့ဆုံးလေယာဉ်ပျံနဲ့ လိုက်သွားပြီး ပစ်မှတ်တွေအပေါ်မှာ အချက်ပြ မီးကျည်တွေ ချပေးရမယ်။ မင်း ချမယ့် မီးကျည် အချလွဲသွားတာနဲ့ နေရာလွဲပြီပဲ။ မင်းတာဝန်ဟာ ဒီစစ်ဆင်ရေးမှာ အင်မတန်အရေးကြီးတယ်။ ဘယ်လိုပစ်မှတ်တွေကို တို့ ချမယ်ဆိုတာကတော့ နောက်မှ အသေးစိတ် ပြောမယ်။ မင်း ခုထိရှင်းတယ် မဟုတ်လား”



“ဟုတ်ကဲ့ ဗိုလ်မှူး”



အချိန်မှာ နံနက် ၁၀ နာရီ ထိုးလုပေပြီ။ တစ်ချက်တစ်ချက် စက်လေးလုံးတပ် (လင်ကတ်စတာ)ဗုံးကြဲလေယာဉ်ပျံကြီးများ လေယာဉ်ကွင်းမှ တက်သည့် စက်သံကြောင့် ဗိုလ်လှရီရောက်နေသော ရုံးခန်းမှာ နားကွဲမတတ် ဆူညံလျက်ရှိ၏။



+++



လေယာဉ်မှူး (ဖရက်)၏ စက်နှိုးလိုက်သည့်အတွက် လေယာဉ်ပျံတစ်စီးလုံးမှာ တုန်ခါ၍သွား၏။



ဗိုလ်လှရီသည် လေကြောင်းလမ်းပြထိုင်ခုံတွင် တည်ငြိမ်စွာထိုင်ပြီး ယနေ့ည လေတပ်ထိုးဖောက်ရမည့် လမ်းကြောင်းများနှင့် Astrograph ခေါ် ကောင်းကင်ကြယ်နက္ခတ်များ၏ တည်နေရာပြမြေပုံကို စစ်ဆေးကြည့်လိုက်၏။



“ဗိုလ်ကြီးလှရီ… ကျွန်တော်တို့ စတက်ရမယ့်အချိန်ဟာ ဘယ်အချိန်လဲ”



ရေဒီယိုလှိုင်းမှ ရှေ့က လေယာဉ်မှူး(ဖရက်)က လှမ်းမေးလိုက်သံ ဖြစ်၏။



ဗုံးကြဲလေယာဉ်ပျံများတွင် အတွင်းပြောနိုင်သော ရေဒီယိုလှိုင်းနှင့် အပြင်ပြောနိုင်သော ရေဒီယိုလှိုင်းဟူ၍ လေလှိုင်းနှစ်ခု ရှိပါသည်။ အတွင်းလှိုင်းမှာ လေယာဉ်ပျံတွင် လိုက်ပါလာသော လေယာဉ်သားချင်း ဆက်သွယ်ရန်ဖြစ်ပြီး အပြင်လှိုင်းမှာ လေယာဉ်ပျံတစ်စီးနှင့်တစ်စီး၊ လေယာဉ်ပျံနှင့် လေကြောင်းထိန်း မျှော်စင်များ ဆက်သွယ်ရန်ဖြစ်၏။



ယနေ့ည ဗိုလ်လှရီ လိုက်ပါရမည့် လေယာဉ်ပျံမှာ (M.K.I. Wellington) ဗုံးကြဲလေယာဉ်ပျံကြီး ဖြစ်၏။



“နောက်လေးမိနစ်လိုသေးတယ် ဗိုလ်ကြီး။ ကျွန်တော်တို့ စထွက်ရမယ့် အိမ်မြှောင်ညွှန်းက တစ်လေးသုည”



“ဟုတ်ကဲ့ ကျေးဇူးပဲ။ ကျွန်တော် ကင်းထိပ်ကို စတက်တော့မယ်”



ဝဲလင်တန် ဗုံးကြဲလေယာဉ်ကြီးသည် ကွင်းထိပ်သို့ တအိအိနှင့် ဘီးလှိမ့်၍ ထွက်လာခဲ့၏။



ဗိုလ်လှရီသည် လေကြောင်းလမ်းပြထိုင်ခုံမှ လေယာဉ်ပျံအလယ်ပိုင်း အမိုးပေါ်ရှိ အင်္ဂလိပ်ဘာသာဖြင့် (Astrodome) ခေါ် “ကြယ်ကြည့်ပေါင်းချောင်”သို့ ထလျှောက်သွား၏။ ဤလေယာဉ်ပျံကြီးဖြင့် ညဘက်လေ့ကျင့်ပျံသန်းမှု ပြုလုပ်ခဲ့သည်မှာ နာရီပေါင်း ရှစ်ဆယ်ကျော်ပေပြီ။



ထို့ကြောင့်လည်း ဗုံးကြဲလေယာဉ်ပျံကြီး၏ အတွင်းပိုင်း အနေအထားအားလုံးမှာ သူ့အတွက် စိမ်းမနေတော့။



မှောင်ထဲ၌ပင် လိုရာအခန်းသို့ မျက်ကန်း သူရွှေ့သွားနိုင်ပေပြီ။



ကြယ်ကြည့်ပေါင်းချောင်မှ သူလှမ်းကြည့်လိုက်လျှင် လေယာဉ်ကွင်းဘေးရှိ လေယာဉ်ရုံများ၊ အဆောက်အဦမြင့်များပေါ်မှ အတားအဆီးရှိကြောင်း သတိပေးအချက်ပြ မီးနီလေးများကို သူ တောက်ပစွာ မြင်နေရ၏။



လေယာဉ်ပျံထိန်း မျှော်စင်ထိပ်တွင်မူ မီးသတ်ကားနှစ်စီးနှင့် သူနာတင်ကားတစ်စီး အသင့် ရပ်ထား၏။ ထိုကားများနှင့် မလှမ်းမကမ်း မြေပြင်လေတိုက်ရာ အရပ်ပြ အင်္ဂလိပ်စာသုံး (တီ)အမှတ်အသားမှာလည်း မီးလုံးလေးများ ထွန်းပြထားသဖြင့် ညအမှောင်ထုတွင် တောက်ပလျက်ရှိ၏။



လေယာဉ်ကွင်းထိပ်သို့ ရောက်လေပြီ။



လေယာဉ်မှူး (ဖရက်)သည် ဗုံးကြဲလေယာဉ်ပျံကြီးကို ပြေးလမ်းထိပ်တွင် တာစူလိုက်၏။



“လေယာဉ်ပျံ စတက်မယ်”



(ဖရက်)က ဗိုလ်လှရီတို့ လေယာဉ်သားအားလုံးကို လှမ်းသတိပေးလိုက်၏။



လေယာဉ်ပျံကြီး စထွက်လေပြီ။



ဝဲလင်တန်လေယာဉ်ပျံကြီး၏ စက်သံမှာ ကြောက်စရာကောင်းလှအောင် မြည်ဟည်းလှ၏။ ဗိုလ်လှရီမောင်းနေကျ (စပစ်ဖားရား)တိုက်လေယာဉ်ပျံများ၏ စက်သံဖြင့် မည်သို့မှ ယှဉ်မရ။



စက္ကန့်ပိုင်းအတွင်း လေထဲရောက်ခဲ့လေပြီ။



“အိမ်မြှောင်ညွှန်း တစ်လေးသုည ဦးတည်ပြီ”



လေယာဉ်မှူး(ဖရက်)က ဗိုလ်လှရီကို လှမ်းသတင်းပို့လိုက်၏။



ဗုံးကြဲလေယာဉ်ပျံမောင်းရသည့်အလုပ်မှာ မလွယ်ပါ။ လွယ်မလိုနှင့် အလွန်ဇယားရှုပ်သော အလုပ်ဖြစ်၏။



ကြည့်ပါ။



ဗုံးကြဲလေယာဉ်ပျံများ သုံး၍ စစ်ဆင်ရေးတစ်ခု လုပ်တော့မည်ဟုဆိုလျှင် ပြင်ဆင်ရသည်မှာ တိုက်လေယာဉ်ပျံများတွင် လုပ်ရသည့်အလုပ်နှင့် ဆယ်ဆမျှ များ၏။



ပထမဆုံး လေယာဉ်သားများ စုရသည်။



လေယာဉ်ပျံတက်မည့်အချိန်၊ အသုံးပြုရမည့်အချက်ပြစနစ်၊ ပစ်မှတ်၊ သွားလမ်း၊ လေကြောင်းဓာတ်ပုံ၊ ရန်သူ့သတင်း၊ ရန်သူ့တိုက်လေယာဉ်ပျံများ အန္တရာယ်၊ ရန်သူ့လေယာဉ်ပျံပစ် အမြောက်များ တည်နေရာ၊ ထိုနေ့ ရာသီဥတုခန့်မှန်းချက်၊ ရေဒီယိုလှိုင်း၊ အသုံးပြုမည့်ဗုံး။



အို… ပြဿနာမျိုးစုံကို စုရမည်။ ရှင်းပြရသည်။



ဗိုလ်လှရီသည် ထိုအလုပ်မျိုးကို တွေးတွေးပြီး ခေါင်းရှုပ်လှ၏။



သူတို့ တိုက်လေယာဉ်အုပ်တွင်မူ “ဟေ့… လာပြီ။ တက်” ဟု ဆိုလျှင် စက်ဆရာရဲဘော်တို့ အသင့် စက်နှိုးထားသော လေယာဉ်ပျံပေါ် ပြေးတက်ပြီး စစ်ဆင်ရေးမှူး၏ လေဒီယိုလှိုင်းမှ ညွှန်ကြားချက်ပေးသည့်အတိုင်း ရန်သူ့လေယာဉ်ပျံရှိရာကို အပြေးလိုက်သွားပြီး တိုက်ပွဲဝင်ရန်သာ ရှိ၏။



ဗုံးကြဲလေယာဉ်မောင်း လေသူရဲတို့ လုပ်ရသည့်အလုပ်လို ဘာမျှမရှုပ်။



ဗိုလ်လှရီ၏ အသက်မှာ ၂၄ နှစ်ပင် မပြည့်သေးပါ။



လေယာဉ်မောင်းသက်မှာလည်း ၂ နှစ်ပင် မပြည့်သေး။ သူ့ပုံသဏ္ဍာန်မှာ အသားညိုညို၊ ပိန်ပိန်သွယ်သွယ်၊ အရပ်မှာ ၅ ပေ ၁၀ လက်မခန့် ရှိမည်ဖြစ်၏။ သူ့မျက်နှာပေါက်မှာ အရုပ်မဆိုးသော်လည်း ချောသည်ဟုလည်း မဆိုသာ။



အထူးသဖြင့် နဖူးအောက်နားတွင် ထူနက်နေသော မျက်ခုံးနက်ကြီးများမှာ သူ့မျက်နှာတွင် အပေါ်လွင်ဆုံး အမှတ်အသားများပင် ဖြစ်၏။



ဗိုလ်လှရီသည် လေကြောင်းလမ်းပြထိုင်ခုံသို့ ပြန်လည်လျှောက်လာခဲ့၏။ စိတ်ထဲတွင်လည်း “ငါ ဒီည မကြောင်ပါစေနဲ့။ တစ်ခုခု မှားမလုပ်မိပါစေနဲ့”ဟု ကျိတ်၍ ဆုတောင်းလိုက်မိ၏။



မှန်သည်။



သူ ဆုမတောင်း၍လည်း မဖြစ်။



ယနေ့ည ဗုံးကြဲမည့် ရန်ကုန်မြို့ပေါ်ရှိ ပစ်မှတ်များမှာ လူနေစည်ကားသည့် ရပ်ကွက်များနှင့် ကပ်နေသည့် နေရာများဖြစ်၏။ ကြိုတင်သတ်မှတ်ထားသည့် စစ်ရေးစီမံချက်အရ သူ့တာဝန်မှာ ပစ်မှတ်များပေါ် တည့်တည့် အချက်ပြ မီးကျည်များ ချပေးရမည်။



သူ မီးကျည်ချရာသို့ နောက်မှ လေယာဉ်ပျံများ လိုက်၍ ဗုံးကြဲကြမည်ဖြစ်၏။ သူ့မီးကျည်နေရာလွဲသည်နှင့် ပစ်မှတ် အနီးအနားမှ မြို့သူမြို့သားများ အတုံးအရုံးသေချေတော့မည်။



ဗိုလ်လှရီသည် သူ့ထိုင်ခုံပြန်ရောက်သည်နှင့် သံမဏိ စားပွဲလေးပေါ်တွင် သူ့လေယာဉ်ပျံကြီး ရန်ကုန်မြို့ပေါ် ရောက်မည့်အချိန်ကို အကြမ်း တွက်ချက်ကြည့်လိုက်၏။



ယနေ့ည သူတို့ပျံသန်းရမည့် ခရီးစဉ်မှာ မနီးလှပါ။



မိုင်ပေါင်း (၁၂၀၀)ကျော်ရှိသော ခရီးဖြစ်၏။ တိုက်ပွဲဝင်ရမည့်အချိန် အသွားအပြန် ပျံသန်းရမည့်အချိန်မှာ ခြောက်နာရီနိးပါး ကြာပေမည်။ အကယ်၍သာ ဤကြားထဲ ပြဿနာတစ်ခုတက်လျှင် ယခုထက်ပိုကြာဦးမည်။



အချိန်မှာ ည(၈)နာရီ မိနစ် ၂၀ ရှိနေလေပြီ။



အကယ်၍ မိုးလေ၀သဌာနမှ ပေးပို့ထားသည့် မြန်မာနိုင်ငံအတွင်းက အထက်လွှာလေထုတိုက်နှုန်းသာ မှန်လျှင် သူတို့ ညသန်းခေါင်မကျော်မိ ရန်ကုန်မြို့ပေါ် ရောက်မည်ဖြစ်၏။



(၀ဲလင်တန်) ဗုံးကြဲလေယာဉ်ပျံကြီးသည် တအိအိနှင့် အမြင့်သို့ တက်လှက်ရှိ၏။ ဗိုလ်လှရီတို့ ယနေ့ပျံသန်းမည့် အမြင့်မှာ ပေ ၁၃၀၀၀ ဖြစ်၏။



ပေ ၉၀၀၀ ကျော်လာသောအချိန်၌ လေယာဉ်ပျံကြီး၏ တက်နိုင်စွမ်းအားမှာ ထွက်စကလို မကောင်းတော့။



ပေ ၉၇၀၀ ရောက်လာသောအခါ၌မူ လေယာဉ်ပျံကြီး၏ အမြန်နှုန်းပင် သိသိသာသာ ကျ၍လာ၏။



“ဗိုလ်ကြီးလှရီ… ကျွန်တော်တို့ ပေတစ်သောင်းသုံးထောင် အမြင့်ရောက်တဲ့အထိ တက်လို့ မဖြစ်တော့ဘူး။ သယ်လာရတဲ့ လက်နက်တွေနဲ့ ဓာတ်ဆီတွေက သိပ်လေးနေတယ်ထင်တယ်။ ပေ ၉၅၀၀ ကပဲ ဆက်ပျံမယ်”



“ဟုတ်ကဲ့… ဗိုလ်ကြီးဖရက်”



လေယာဉ်မှူး ဗိုလ်ကြီးဖရက်သည် ပေ ၉၅၀၀ အမြင့်တွင် ထောင်နေသော လေယာဉ်ဦးကို ပြန်နှိမ့်ချလိုက်၏။ ထိုအချိန်၌ ဗိုလ်လှရီတို့ လေယာဉ်ပျံကြီး အနောက်စူးစူးသို့ ဂရုတစိုက် လှမ်းကြည့်လိုက်လျှင် ၀ဲလင်တန် ဗုံးကြဲလေယာဉ်ပျံကြီး ၁၂ စင်း အုပ်ဖွဲ့၍ ကပ်လိုက်လာနေသည်ကို တရိပ်ရိပ် မသဲမကွဲ မြင်တွေ့နေရမည်ဖြစ်၏။



++++



ဗိုလ်လှရီသည် မူလက ပေ ၁၃၀၀၀ အမြင့်မှ ပျံရမည့်အစား ယခု ပေ ၉၅၀၀ အမြင့်ကို ပြောင်းပျံခဲ့သဖြင့် မူလက တွက်ချက်ထားသော ခရီးစဉ် အသေးစိတ်ကို အားလုံးပြန်ပြင် တွက်နေရ၏။ မှန်သည်။ လေယာဉ်ပျံများ၏ တစ်နာရီအတွင်း ခရီးပေါက်နိုင်သည့်နှုန်းမျာ ပျံသန်းသည့်အမြင့် (၀ါ) မြေပြင်မှ အကွာအဝေးပေါ်တွင်လည်း တည်၏။ မြေပြင်မှ မြင့်မြင့်ပျံနိုင်လေ စက်အားချင်းတူလျှင် တစ်နာရီအတွင်း ခရီးပေါက်သည့် အကွာအဝေး များလေဖြစ်၏။



ဗိုလ်လှရီသည် အလွန်မာနကြီးသူဖြစ်၏။



လေယာဉ်မောင်းသင်တန်းကျောင်းမှ သူ သင်ခဲ့သော ပညာမှာ လေသူရဲ ပညာသာဖြစ်သဖြင့် ယခု လေကြောင်းလမ်းပြတာဝန်ကို ထမ်းဆောင်ရသောအခါ၌ ပိုင်နိုင်စွာ မထမ်းဆောင်တတ်ဟု အခြားအရာရှိများ ကဲ့ရဲ့မည်ကို သူ နည်းနည်းမှ မခံချင်ပါ။ ထို့ကြောင့်လည်း သူ ယနေ့ည အထူးကြိုးစား၍ တာဝန်ထမ်းဆောင်၏။



လေကြောင်းလမ်းပြ၏ အဓိကတာဝန်မှာ မိမိလေယာဉ်ပျံ ရောက်ရှိနေသော နေရာကို မပြတ်သိနေပြီး လိုရာစခန်းကို လမ်းမလွဲ မချော် ရောက်ရှိရေးပင်ဖြစ်၏။ ထို့ကြောင့်လည်း ဗိုလ်လှရီသည် သူရောက်နေမည့်နေရာကို မြေပြင်နှင့် ကောင်းကင်မှ ထင်ရှားသော အမှတ်အသားများကို တစ်ချိန်လုံး မပြတ်လွတ်အောင် ကြည့်ပြီး လေကြောင်းလမ်းပြ မြေပုံပေါ်၌ ရေးမှတ်နေခဲ့၏။



ဘင်္ဂလားပင်လယ်ကို ကျော်ဖြတ်ခဲ့ပြီ။

ရခိုင်တောင်တန်းများကိုလည်း ကျော်ခဲ့ပြီ။



လမိုက်သည့် လသာသည့် ညသာဆိုလျှင် အဝေးမှ ဧရာဝတီမြစ်ကြောင်းကို တလက်လက် မြင်တွေ့နေရတော့မည်ဖြစ်၏။



ည ၁၁ နာရီ ခွဲတိတိ ရှိလေပြီ။



ဗိုလ်လှရီသည် (Sextant) ခေါ် ကောင်းကင်တိုင်း ကိရိယာဖြင့် ဓူဝံကြယ်၊ ဆိးရပ်ကြယ်၊ ရိဂါကြမယ်များကို ကြယ်ကြည့်ပေါင်းချောင်မှ တိုင်းပြီး သူ့လေယာဉ်ပျံရောက်ရှိနေသည့် တည်နေရာကို တွက်ချက်ကြည့်လိုက်၏။



ရန်ကုန်မြို့နှင့် မိုင် ၃၀ ပင် မဝေးတော့။



“ဗိုလ်ကြီးလှရီ… ပစ်မှတ်ပေါ်ရောက်ဖို့ ဘယ်လောက်လိုသေးသလဲ”



လေယာဉ်မှူး ဖရက်၏ လှမ်းမေးသံဖြစ်၏။



“ရှစ်မိနစ် ဗိုလ်ကြီး”



အရှေ့အနောက် သေနတ်သမားလေးယောက်က သူတို့ စက်သေနတ်များကို စမ်းသပ် ပစ်ကြည့်လိုက်ကြ၏။ လေယာဉ်ပျံကြီးမှာ ရုတ်တရက် တုန်ခါသွားပါသည်။



“ဗိုလ်ကြီးလှရီ… ဟိုအရှေ့မှာ ချောင်းလိုလိုပဲ၊ မဲမဲတန်းလေးတစ်ခု”

“ဟုတ်တယ် ဖရက်… ကျွန်တော်ကတော့ ရန်ကုန်မြစ်ဖြစ်လိမ့်မယ် ထင်တာပဲ”



စစ်အေးအချိန်သာဆိုလျှင် ထိုအကွာအဝေးမှ ရန်ကုန်မြို့ကို လှမ်းမြင်နေရတော့မည်ဖြစ်၏။ သို့သော် စစ်ကြီးအတွင် အချိန်အခါဖြစ်၍ ရန်သူများ အမှောင်ချခိုင်းထားသဖြင့် မြို့၏ အရိပ်အယောင်မျှ မတွေ့ရသေး။



ဝဲလင်တန် ဗုံးကြဲလေယာဉ်တွင် ဒုလေယာဉ်မှူးမပါ။ လေယာဉ်သား အားလုံး ၅ ဦးသာ ပါ၏။ လေယာဉ်မှူး၊ လေကြောင်းလမ်းပြ၊ လေကြောင်းအချက်ပြ၊ အရှေ့စက်သေနတ်သမား၊ အနောက်စက်သေနတ်သမား၊ လေကြောင်းလမ်းပြတာဝန်မှာ လမ်းပြလုပ်ရုံတွင် မဟုတ်ပါ။ ပစ်မှတ်ပေါ်၌ ဗုံးချိန်သည့် တာဝန်ကိုလည်း ယူရပေသည်။



+++



ပစ်မှတ်အနီး ရောက်လာလေပြီ။



အိုင်းရစ်လူမျိုး လေကြောင်းအချက်ပြ နီး(လ်)ဟော်တန်သည် ကြယ်ကြည့်ပေါင်းချောင်သို့ သွားပြီး အမြင့်မှ ထိုးချတိုက်ခိုက်မည့် ရန်သူ လေယာဉ်ပျံများကို လေယာဉ်မှူးက ကူရှာပေးနေ၏။ လေယာဉ်မှူး (ဖရက်)ကလည်း လေယာဉ်ဦးကို ထိန်းရာတွင် စောစောက ထိန်းသလို ငြိမ်နေအောင် မထိန်းတော့ပါ။ ဘယ်ညာယိမ်းလိုက်၊ အထက်အောက် ဆင်းလိုက်နှင့် အကယ်၍ ရန်သူလေယာဉ်ပျံ ဖြတ်တိုက်ခံရလျှင် ကျည်လွတ်အောင် ထိန်းမောင်းလျက် ရှိ၏။



ရန်ကုန်မြို့ပေါ် ရောက်ရမည့်အချိန် တစ်မိနစ်သာ လိုတော့သည်။



ဗိုလ်လှရီသည် ပထမဆုံးအကြိမ် သူ့ဦးနှောက်တွင် ထူပူ၍သွား၏။ သူ ကြိုတင်မျှော်လင့်ထားသော ရန်ကုန်မြို့မှာ တစ်မိနစ်အလို အကွာအဝေးသို့ ရောက်သည်အထိ အရိပ်အယောင်မျှ မမြင်သေး။ လမိုက်သည့်ညဖြစ်၍ ပေ ၉၅၀၀ အမြင့်မှ ကြည့်လျှင် မြေပြင်တွင် အလွန်ကျယ်ပြောလှသော ရန်ကုန်မြစ်ကြီးမှာလည်း သူ့မြင်ကွင်းမှ လုံးဝပျောက်နေ၏။



အဝေးက (ဖရက်) ချောင်းဟု ထင်ခဲ့သော အမဲကြောင်းလေးကိုလည်း ကျော်ခဲ့လေပြီ။



သူ လမ်းကြောင်း မှားခဲ့ပြီလား။

No comments: