မင်္ဂလာပါခမျာ..ရောက်လာကြသော လာဖတ်သူအားလုံးကို ကြိုဆိုပါတယ်ခင်မျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Thursday, April 10, 2014

ရယ်သံတွေရဲ့ နောက်ကွယ်မှာ နာကျင်စရာတွေ ရှိပါသည်။ မကြာမကြာ နာကျင်လေ့ ရှိသော်လည်း ကျနော် ကျင့်သားမရပါ။ ဟားတိုက်သာ ရယ်ပစ်လိုက်သည်။ နာကျင်မှုတွေဟာ သာယာမိစရာ ကောင်းပါသလား။ တပ်မက်မိစရာ ကောင်းပါသလား။ စွဲလမ်းမိစရာ ကောင်းပါသလား။
ကြယ်တွေ လင်းတာ ကျနော့် အတွက် မဟုတ်သော်လည်း မော့ကြည့်ပြီး ကြယ်တို့၏ အငွေ့အသက်များကို တ၀ကြီး ရှုသွင်းပစ်လိုက်သည့်အခါမှာ ဘယ်ကြယ်ကမှ ကျနော့် ကို စိတ်မဆိုးပါ။ အိပ်မက်များကို ကြယ်တို့၏ အငွေ့အသက်များက ဖန်တီးခြင်း ဖြစ်သည်။ ကျနော် မအိပ်စက်ဘဲ အိပ်မက်မက်ချင်ပါသည်။
မအိပ်စက်ပေမယ့် ကျနော် နိုးလာခဲ့သည်။ သိပ်စောသွားသလား၊ သိပ်နောက်ကျသွားသလား။ တကယ်တော့ ညက ကျနော့်နားမှာပဲ ရှိသေးသည်။ ညတွင် ကျနော့်အရိပ် မထင်ပါ။ ဘယ်သူ့အရိပ်မှ မထင်ပါ။ ဒါဆို ကျနော် မြင်ရသော အရိပ်က ဘာပါလိမ့်။ တို့ထိကြည့်ဖူးရုံ လက်လှမ်းလိုက်သောအခါ အရိပ်လို့ ထင်ရသော အရာက ထွက်ပြေးသွားသည်။ ကျနော် လက်တွေသာ ရှတတ ကျန်ခဲ့သည်။ ကျနော် စောလဲ မစော၊ နောက်လဲ မကျပါ။ မှန်ကန်သော အချိန်ဟူ၍ မရှိခြင်းသာ ဖြစ်သည်။
ကျနော် မျက်နှာဖုံး စွပ်လိုက်သည်။ ထိုအခါ ခံစားချက်တွေကို မမြင်ရပါ။ ကျနော်၏ မျက်လုံးတွေကို လူတွေ မြင်ရန် မလိုအပ်ပါ။ ကျနော်၏ မျက်နှာကို လူတွေ မြင်ရန် မလိုအပ်ပါ။ လိုသည်က ဘယ်သူကိုမဆို ပြုံးပြနေသော မျက်နှာဖုံးတစ်ခုသာ ဖြစ်သည်။ မျက်နှာဖုံး၏ မျက်လုံးပေါက် သေးသေးလေးမှ ကျနော် ချောင်းကြည့်သောအခါ လူတိုင်းက ကျနော့်ကို ပြုံးပြသွားကြသည်။ မျက်နှာတွေလား၊ မျက်နှာဖုံးတွေလား ကျနော် မသိပါ။ အပြုံးတွေ ဖောဖောသီသီ ပေါများသော ကမ္ဘာတွင် အမှန်တရားသည် ဖတ်ချင်သော်လည်း ရှာမတွေ့သော စာအုပ်တစ်အုပ် ဖြစ်သည်။
ကျနော် ပြေးသည်။ မလွတ်မှန်း သိသော်လည်း ပြေးသည်။ ပြေးသော်လည်း မဝေးပါ။ အဝေးဆုံး ဝေးခြင်းသည် စိတ်၏ ဝေးခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ဖြစ်နိုင်ချေ ဆိုတာကြီးကို ကျနော် လုံးချေတက်နင်းပြီး လွှင့်ပစ်လိုက်သည်။ အသက်ဝိညာဉ် မရှိတော့သော်လည်း မျှော်လင့်ခြင်းကြောင့်တော့ ကျနော် တစ်ခါပြန် မသေချင်ပါ။ ဒီအတိုင်း မြူမှုန်များ အဖြစ်သာ ပျောက်ကွယ်သွားချင်ပါသည်။
ဒါပေမယ့်ပေါ့။ ရှုသွင်းတိုင်းမှာ အောက်စီဂျင်အစား တကယ့်လို့များ ဆိုတာတွေ ပါလာတဲ့အခါ နောက်တစ်ခါ ပြုတ်ကျဖို့ ကျနော် ကုပ်ကတ်ပြီး ပြန်တက်ရဦးမယ်လေ။ ။

No comments: