မင်္ဂလာပါခမျာ..ရောက်လာကြသော လာဖတ်သူအားလုံးကို ကြိုဆိုပါတယ်ခင်မျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Sunday, December 1, 2013

Empty Boat

Empty Boat
။။။။။။။။။။။။။။။။။။။။။။။။
Osho ၏ Empty Boat မှ နှစ်သက်မိသလို ပြန်ဆိုပါသည်။

…………………………………….

လူအများကို အုပ်ချုပ်တဲ့သူဟာ စိတ်ရှုပ်ထွေးလျက်နဲ့ ရှင်သန်တယ်။
လူရဲ့ အအုပ်ချုပ်ခံနေရသူဟာ သောကဗျာပါဒတွေနဲ့ ရှင်သန်တယ်။
ဒါကြောင့်လည်း –
ဘယ်သူ့ကိုမှ မစိုးမိုးတဲ့၊ ဘယ်သူကမှလည်း မစိုးမိုးကြတဲ့ ဓမ္မ ကို လိုလားအပ်တာ ဖြစ်ပါတယ်။
ရှုပ်ထွေးမှုတွေ ရှင်းလင်းသွားရာ၊ ကြေကွဲမှုသောကတွေရဲ့ လွတ်မြောက်ရာ လမ်းဟာ
လောက ရွံ့နွံအိုင်ထဲ ကျင်လည်ရင်း ဓမ္မနဲ့ ရှင်သန်နေထိုင်သွားခြင်းပဲ။

လူတစ်ယောက်က မြစ်တစ်စင်းကို ဖြတ်ကူးတယ်။
လှေလှော်တက်အဖြစ် သစ်ကိုင်းစလေးတစ်စကလွဲရင် အခြားဘာမှမရှိတဲ့ ဗလာကျင်း လှေငယ်လေးနဲ့။
သူက ဒေါသကြီးတတ်တဲ့သူ ဆိုပါစို့ရယ်။
အဲ့ ဗလာကျင်း လှေငယ်လေးအတွက်တော့ သူ ဘယ်ဒေါသ ဖြစ်လိမ့်မလဲ။
ဒါပေမယ့် ဒီလှေငယ်လေးပေါ်မှာ တစ်ယောက်ယောက်/တစ်ခုခု တက်လာခဲ့ရင်
ရှင်းသွား၊ ဆင်းသွားဖို့ သူအော်ငေါက်တော့မှာပဲ။
မရှင်းမချင်း၊ မဆင်းမချင်း သူအော်နေဦးမှာပဲ။ မြည်တွန်တောက်တီး ရေရွတ်နေဦးမှာပဲ။
ဒါတွေအားလုံးဟာ လှေပေါ်မှာ တစ်ယောက်ယောက် တစ်ခုခု ရှိနေလို့ ဖြစ်ရတာတွေပါပဲ။
တကယ်လို့သာ လှေငယ်လေးဟာ ဗလာကျင်း၊ နတ္ထိ တန်ခဲ့မယ်ဆိုရင်
သူ ဘယ်ဟာကို အော်ငေါက်နေဦးမလဲ၊ သူ ဘယ်ဟာကို ဒေါသဖြစ်နေရဦးမှာလဲ။

ခင်ဗျားသာ ခင်ဗျားရဲ့ လှေငယ်ကို အားလုံးရှင်းလင်း ခါထုတ်ပြီး၊
ကမ္ဘာတစ်ခွင် ခရီးနှင်ကြည့်စမ်းပါ။
ဘယ်သူမှ ခင်ဗျားကို မဆန့်ကျင်သလို
ဘယ်သူမှ ခင်ဗျားကို နာကျင်စေမှာမဟုတ်ဘူး။

ဖြောင့်စင်းနေတဲ့ သစ်ပင်ကောင်းတစ်ပင်ဟာ အရင် အခုတ်ခံရတယ်။
ရေကြည်လေးရဲ့ နှင်းငွေ့စလေးတစ်စဟာ အရင် ခြောက်သွေ့သွားရတယ်။
ငတုံးလို့ အပြောခံရမှာ ရှက်ရှက်နဲ့ အသိသညာတွေချည်း တိုးပွားအောင်လုပ်ခဲ့မယ် ဆိုရင်
ခင်ဗျားမှာ အကျင့်စာရိတ္တတွေ တိုးတက်ကောင်း တိုးတက်လာပါလိမ့်မယ်။
အများသူငါအလယ် ထည်ဝါကောင်း ထည်ဝါနေပါလိမ့်မယ်။
ဒါပေမယ့် တည်ငြိမ်မှု၊ ငြိမ်းချမ်းမှု ရဖို့ အတွက်တော့ တော်တော် လုံးပမ်းရလိမ့်မယ်။

ရှေးစကား ရှိတယ်။
“မိမိဘာသာမိမိ ရောင့်ရဲနေထိုင်သူဟာ
အဖိုးမဲ့ အလုပ်တွေကို လုပ်တယ်။”
“အောင်မြင်ခြင်းဟာ ကျရှုံးခြင်းရဲ့ အဦးအစ ဖြစ်သလို
ကျော်ကြားခြင်းဟာ အရှက်တကွဲအကျိုးနည်း ဖြစ်ခြင်းရဲ့ အဦးအစ ဖြစ်ပါတယ်။” တဲ့

ဒီလိုအောင်မြင်ကျော်ကြား မှုတွေကနေ လွတ်လွတ်ခါခါ ရုန်းထွက်နိုင်လာပြီး
သာမာန်တွေထဲက သာမာန်လူသား တစ်ဦး အဖြစ် ဘယ်သူ ကျင့်ကြံနေနိုင်ပါသလဲ?
အဲ့သလို နေထိုင်နိုင်သူဟာ ဓမ္မနဲ့ အတူ ရေလို စီးမျောနေပါလိမ့်မယ်။
ဘဝနဲ့ အတူ ထပ်ကြပ်မကွာ လိုက်ပါ၊ ထွက်ခွာသွားပါလိမ့်မယ်။
သူ့မှာ အိမ်မရှိ၊ အမည်နာမ မရှိ။
ဘယ်အပိုင်းအခြား၊ ဘာ သတ်မှတ်ချက်မှ မရှိ။
ဘယ်လောက် ရိုးစင်းလိုက်တဲ့ လူစား ဖြစ်ပါလိမ့်မလဲ။

အသွင်သဏ္ဍာန်အားဖြင့် သူဟာ သူရူးတစ်ယောက် ဖြစ်ကောင်းဖြစ်မယ်။
သူသွားရာလမ်းမှာ ဘယ်ခြေရာမှ မကျန်ခဲ့ဘူး။ သူ့မှာ ဘာ စွမ်းအားမှလည်း မရှိဘူး။
ဘယ်အရာကိုမှ သူ မအောင်မြင်ခဲ့သလို၊ ဘယ်အရာကိုမှလည်း ပိုင်ဆိုင်မှု မထားခဲ့ဘူး။
ဘယ်သူ့ကိုမှ မဝေဖန်ခဲ့တဲ့ သူ့ ကို — ဘယ်သူကမှလည်း မဝေဖန်နိုင်ခဲ့ဘူး။
ဒီလို ပြီးပြည့်စုံသွားတဲ့ သူတစ်ယောက်အတွက်
သူ့လှေငယ်လေးဟာ ဂုဏ်ဓနမရှိ၊ အခြားအရာမရှိ၊ အရိုးစင်းဆုံး နတ္ထိ။

No comments: