
သစ်ရွက်တို့သည် လေရူးကြောင့် တသောသော ရယ်မောနေ၏။ ဒါပေမဲ့ သူကတော့ ပတ်ဝန်းကျင်ကြောင့် လှုပ်ခတ်ပြောင်းလဲတတ်သည် ဆိုသော အရွယ်ကို ကျော်လွန်ခဲ့ပြီ။ သူ့အသက်သည် သုံးဆယ်ဖြစ်သည်။ ထို့အပြင် သူသည် အပြောင်းအလဲမြန်သည့် စိတ်ဓာတ်ပိုင်ရှင် တယောက်လည်း မဟုတ်ပါ။ သို့သော် အမျိုးသမီးနှစ်ယောက်ကို တပြိုင်နက် တွေ့လိုက်ရသည့် အချိန်မှစ၍ သူ့စိတ်တို့ ထွေပြားခဲ့ရသည်။ ပန်းတပွင့်မှ အခြားပန်းတပွင့်သို့ ကူးပြောင်းသော လိပ်ပြာလေး ဖြစ်ခဲ့ရသည်။
ဒါသည် သူ့အပြစ်လား။
စွဲဆောင်နိုင်ခြင်း နည်းခဲ့သည့် ပန်းပွင့်၏ အပြစ်လား။
နူးညံ့သိမ်မွေ့မှုကို နှစ်သက်ခဲ့သည့် အပြစ်လား။
ပြောင်းလဲတတ်သော အချစ်၏ အပြစ်လား။
နှလုံးသားဆိုတာက အခက်သား၊ အချစ်ဆိုတာ အကြောင်ရိုက်တတ်သားဟု သူ ငြီးတွားလိုက်ရမည်လား။ “ခင်” ဆိုသော အမျိုးသမီးကို စတွေ့ခဲ့စဉ် သူ အတော်သဘောကျခဲ့သည် ဆိုတာတော့ သူ မငြင်းလိုပါ။ တောက်ပ ထက်မြက်သော ခင့်မျက်ဝန်းတို့ကို သူပြိုင်မကြည့်ရဲ၊ ခါးမတ်မတ် ခေါင်းမတ်မတ်ဖြင့် ယောက်ျားတို့ကို ရင်ဘောင်တန်း၍ မထီသလို ခပ်ရဲရဲလျှောက်ရဲသည့် “ခင့်”ဘေး အလဲလဲအပြိုပြို ဖြစ်ခဲ့သည့် ယောက်ျားသားတို့ မနည်းတော့။
ခင်သည် ဘယ်သူ့ကိုမှ သနားငဲ့ညှာခြင်း မရှိသလို၊ သူလိုလားသည့် အချိန်ဆိုရင်ဖြင့် ကြည်ကြည်ဖြူဖြူ တွဲခဲ့သည်ချည်း၊ ဒါကိုပဲ သတ္တိရှိသည့် မိန်းမဟုဆိုကာ သူ သဘောကျခဲ့သည်။ ယောက်ျားနှင့် မိန်းမ တန်းညှိကာ မိန်းကဝါဒ ထူထောင်ချင်ဟန်ရှိသော ခင့်ကို အထင်ကြီး လေးစားခဲ့သည်။ ဟုတ်ပါသည်။ သမီးရည်းစား သက်တမ်းတလျှောက် ခင်သည် အသေးအဖွဲ ကိစ္စလေးမှအစ သူမအနိုင်ရမှ ကျေနပ်သည်။ တခါတရံ သူတွေးမိသည်။ ခင်သည် ယောက်ျားထုတခုလုံးအတွက် အမုန်းကို သူ့တယောက်ထဲ အညှိုးနဲ့ လက်စားချေလေသလားဟူ၍ပင်။ ဆိုင်တဆိုင်ဝင်၍ တခုခု စားလျှင် ဘယ်တော့မှ သူ့အကြိုက်ကို ဦးစားပေး မေးရိုးမရှိ။ သူနှစ်သက်စွာ စားနေတဲ့အရာကိုလည်း ဘယ်တော့မှ စိတ်ဝင်တစား မရှိခဲ့သလို သူမအကြိုက်ကို လိုက်မစားရကောင်းလားဟုလည်း စိတ်ဆိုးတတ်သေးသည်။
ဦးချဖို့ဆိုတာကတော့ ဝေလာဝေးပေါ့။ ဒီနေရာမှာ ဦးချဆိုသော စကားလုံးတောင် မသုံးရဲပါ။ မရွှေခင် ကြားသွားလျှင် အခွင့်ထူးခံ၊ ဦးစားပေးခံ၊ မိန်းမကို တဆင့်နိမ့်ထားတဲ့ ယောက်ျားဝါဒပိုင်ရှင် စသည်ဖြင့် မိန်းမတွေဖက်မှ ရင်နာနာ စကားတွေနဲ့ သာမန်အမှုကို နိုင်ငံတော် ပုန်ကန်မှုဖြစ်အောင် လုပ်ပစ်မှာကို မြင်ယောင်မိသေး၏။ ရိုးရာထုံးတမ်း အစဉ်လာဆိုသည့် ချစ်စရာအလေ့အထကို ဖက်တွယ်လိုစိတ် သူမမှာ မရှိ။ အရာရာ သူတို့ (မိန်းမ)တွေအပေါ် ကျောခြင်းဟုသာ ယူဆခဲ့သည်။ သဘာဝဟူသောတရားကို ခင်သည် မေ့လျော့ခဲ့၏။
ခင့်မျက်ဝန်းတို့သည် အစဉ်သဖြင့် ရန်လိုနေသော အကြည့်တို့နှင့် ပြည့်ခဲ့သည်။ ဒါပေမဲ့ ဒါသည် မိန်းမထုအတွက် ရန်လိုသော “အဆင့်မြင့်သည့် ရန်လိုခြင်း”ဟု သူ့ဘာသာ ကင်ပွန်းတပ်ကာ ခင့်ကို အလျှော့ပေးခဲ့သည်။ လေးစားခဲ့သည်။ ဒါပေမဲ့ ခင်သည် တရားလွန်လွန်းသည်ဟု ထင်သည်။ ဘယ့်နှယ်.. မြန်မာမိန်းကလေးတွေ ပြည့်တန်ဆာ ဖြစ်နေသည်ဆိုရင်လည်း သူပဲရန်လုပ်ခံရ၊ လင်မယားတွေ ကွဲပြီဆိုရင်လည်း သူပဲ ရန်လုပ်ခံရ၊ ဒီကမ္ဘာမြေပေါ်ရှိသည့် ယောက်ျားသား တို့၏ အပြစ်ကိစ္စမှန်သမျှ သူသာ ရန်လုပ် အပြစ်တင်ခံနေရသည်။ ခင်သည် “မ”ဆိုလျှင် ခွေးမထိရင်တောင် နာတတ်သူဖြစ်သည်။ ဒါပေမဲ့ အစွန်းရောက်၍ ဒေါသကြီးလွန်းသည်ဟူ၍တော့ သူထင်ပါသည်။
စိတ်ပျက်စရာကောင်းတာက သူမမွေးနေ့ဆိုကာ ပန်းလေးတပွင့်ကို စိတ်ကူးတယဉ်ယဉ်ဖြင့်တော့ သွားမပေးနှင့်။ ခင်သည် ဟက်ဟက်ပက်ပက် ရယ်မောလျှက် ကျမ ပန်းမကြိုက်တတ်ဘူးဟု တဲ့တိုးကြီး ပြောတတ်သည်။ ပန်းမချစ်တတ်သော မိန်းမ၊ ပန်းမကြိုက်တတ်သော မိန်းမတဲ့။ ခင်က စွပ်စွဲသေးသည်။ ပန်းချစ်သောမိန်းမတို့သည် ယောက်ျားတို့ကို မျှော်လင့်နေသော မိန်းမများ ဖြစ်သည်တဲ့။ သူမဘဝတွင် ယောက်ျားတို့ မလိုအပ်ကြောင်းပါတဲ့။ ဒီနေရာတွင် သူငြိမ်မနေနိုင်တော့၊ ဒါဆိုရင် ကိုယ်က ဘယ်အတွက်လဲဟု မေးမိသည်။ ဒီတော့လည်း ပွင့်ပွင့်လင်းလင်း ဖြေသည်။ သူနဲ့ တွဲရတာ စိတ်ပျော်ရွှင်လို့တွဲတယ်။ စိတ်ထဲမှာ အလိုမရှိတဲ့တနေ့ လမ်းခွဲရုံပဲတဲ့။ ဒါပေမဲ့ ရှင့်ကိုတော့ တခြားလူတွေထက် ချစ်သလိုပဲဟု မျက်လုံးချင်းဆုံ ခပ်ရဲရဲ ပြောလေသည်။ သူအံ့သြသွားရသည်။ မင်း .. ဘယ်လိုမိန်းမစားလဲဟု ဒေါသတကြီး မေးတော့လည်း သူမက ခပ်ပြုံးပြုံးပါပဲ။ ပြဿနာတခု ဖြစ်လာရင် ယောက်ျားမိန်းမဆိုတာ ဖယ်ကြည့်လိုက်၊ အဲဒါဆိုရင် အရာအားလုံးဟာ ဘာမှ မထူးဆန်းပါဘူးတဲ့။ သူအတော် စိတ်ပျက်သွားရသည်။ ခင်သည် မိုက်လုံးကြီးစွာ ယောက်ျားနဲ့ မိန်းမ တန်းညှိနေပါလား။
ခင်သည် မဟာသိပ္ပံတက်နေသော မိန်းမငယ်တယောက် ဖြစ်သည်။ ထို့ကြောင့် သာမန် မိန်းကလေးတို့ထက် ထက်မြက်သူဟု ဆိုရမည်။ ဘာသာရပ် စာပေတို့တွင်လည်း ထူးချွန်သည်။ သို့သော် ဒီလောက် ပညာတော်ထက်မြက်ပါရက်နဲ့ သဘာဝမတူသော ဓလေ့စရိုက်ကို လစ်လျူရှု၍ ဘာကြောင့်များ မဟုတ်တာကို ပြိုင်ဆိုင်ချင်ရပါလိမ့်။
မိန်းမဟူသော ဘောင်ထဲမှ ဣနြေ္ဒရှိခြင်း၊ ထက်မြက်တည်ကြည်ခြင်း၊ ပညာဥာဏ် ကြီးမားခြင်းတို့အပြင် သဘာဝတရားက မိန်းမတို့အတွက် သီးသန့်ဆုလာဒ်အဖြစ် ပေးထားသည့် စာရိတ္တတရားကိုမှ ဘာကြောင့်များ လုယူချင်ရပါလိမ့်။
ယောက်ျားတွေ ပွေတာတော့ သဘာဝက ဘာမှ မထူးဆန်းသလိုပဲ။ မိန်းမများ ရည်းစားမများနဲ့ ပေးလိုက်တဲ့ ပါးစပ်အပြစ်ဒဏ်၊ အဲဒါကို မခံချင်တာဆိုတဲ့ ခင့်စကားကို ချေပစရာ အတော်များများ သူ့တွင်ရှိခဲ့ပါသည်။
သစ္စာမရှိဘူး၊ ပွေတယ်ဆိုတာ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် မကောင်းတဲ့အကျင့်ပဲ။ ခင်ပြောသလို ယောက်ျား မိန်းမ ဖယ်ကြည့်လိုက်။ မကောင်းဘူးဆိုတဲ့ အဖြေ ထွက်နေမှတော့ ဘာကို အရွဲ့တိုက်နေစရာ လိုသေးလဲ။
ဒါပေမဲ့ ခင့်ကို သူ နားမချရဲပါ။ ခင်သည် နားချဖြောင်းဖျလျှင် ပိုဆိုးလာတတ်သည့် မိန်းမမျိုးဖြစ်သည်။ ခေါင်းတခါခါဖြင့် ခင့်အယူအဆကို စိတ်ပျက်ဖို့သာ တတ်နိုင်တော့သည်။ အဲဒီအချိန်မှာပဲ နှောင်းကို သူစတွေ့ခဲ့သည်။
“နှောင်း”
နှောင်းသည် သူစာသင်ပေးနေတဲ့ တပည့်ကလေးတယောက်၏ အစ်မဖြစ်သည်။ သူနှင့်ခင့်ထက် သုံးနှစ်ခန့်ငယ်သည်။ နှောင်းကို သူစတွေ့တော့ ပန်းခင်းထဲမှာ ဖြစ်သည်။ ခါတိုင်းလို စာသင်ရန် လူစုထားသည့် အိမ်သို့အသွား ထိုအိမ်၏ ပန်းခင်းထဲမှာ ဖြစ်သည်။
အရောင်အသွေးစုံသော ပန်းပွင့်တို့အထဲက အဖြူရောင် သက်ရှိပန်းလေးတပွင့်ကို အံ့သြစွာ တွေ့ခဲ့ရသည်။ နှောင်းကို စတွေ့တွေ့ချင်း ခင်ပြောသည့်စကားကို သတိရသည်။ ထို့ကြောင့် နှောင်းမျက်နှာကို အပြေးအလွှား ကြည့်မိသည်။ ပန်းပွင့်တို့ကို ကပ်ကြေးတလက်ဖြင့် ရွေးချယ်၍ ဖြတ်တောက်နေသော နှောင်းမျက်နှာတွင် မြူဆွယ်တမ်းတခြင်းဟူသော ဆန္ဒအပူတို့ ရှိမနေပါ။ မျက်လွှာချထားသည့် မျက်ဝန်းတို့သည် ပန်းခင်းတို့ကြား နစ်မြုပ်နေ၏။ သူ လမ်းရှေ့မဆက်မိတော့။ စုံရပ်လျှက် ငေးမောနေမိစဉ် နှောင်းမျက်ဝန်းတို့က ဆတ်ကနဲ မော့လာသည်။ ယောက်ျားပျို တယောက်ကို ရုတ်တရက် တွေ့လိုက်ရစဉ် အံ့သြသွားဟန် ရှိသော်လည်း ရန်လိုခြင်းကင်း၏။ ဒါပေမဲ့ မျက်လုံး ဝိုင်းဝိုင်းလေးတွေကတော့ ရိုးသားစွာ အကဲခတ်နေလေသည်။ ဒီမျက်ဝန်းတို့ထဲ မထေမဲ့မြင် အထင်သေးဟန်လဲ မရှိပါ။ နောက်မှ သတိရသွားသလိုနှင့် သြော်... အငယ်လေးတို့ ဆရာ ထင်တယ်ဟု ရိုသေမှုနှင့် ဖိတ်မန္တကပြုခဲ့သည်။ သူနှင့် ဘေးချင်းယှဉ်၍ အိမ်ဆီသို့ ဦးတည်လျှောက်ခဲ့စဉ် နှောင်း၌ ရိုကျိုးမှုတို့ရှိကြောင်း သတိပြုခဲ့မိသည်။ နှောင်းလက်ထဲမှ နှင်းဆီရနံ့က သူ့ကို လာရောက်ကျီစယ်လေသည်။
သူ ဖြတ်ကနဲ လှည့်ကြည့်မိလိုက်သည်။ နှောင်းက သူ့ကိုကြည့်မနေပါ။ ဒါသည် မာယာဟု ဆိုလျှင် ဣနြေ္ဒရှိသော မာယာဟု ဆိုချင်ပါသည်။
မာယာကင်းမဲ့သော မိန်းမဟူ၍ ဒီလောက၌မရှိဟု ဆိုသော် နှောင်း၏ မာယာသည် ချစ်စရာကောင်း၏၊ ရိုးသား၏၊ ရိုးသားသော မာယာသည် မိန်းမတို့ ကိုင်စွဲအပ်သော အကောင်းဆုံး လက်နက်တခုဖြစ်၏။ ဒီစကား ခင်သာကြားလျှင် ဆတ်ဆတ်ထိမျှ နာဦးမည်ဖြစ်သည်။
အဲဒီနေ့က သူစာသင်နေပေမယ့် နှင်းဆီပန်းတချို့နှင့် အခန်းထဲဝင်သွားသည့် နှောင်းကျောပြင်လေးကိုသာ မြင်ရောင်နေမိသည်။ နောက် နာမည်လည်း သိခဲ့ရသည်။ သူစာသင်သည့်ဝိုင်းထဲမှာ ပါဝင်သည့် ပထမနှစ် ကျောင်းသားလေး၏ အစ်မဖြစ်ကြောင်းနှင့် နှောင်းဟု ခေါ်ဆိုကြောင်းတဲ့။
အတန်းဖြုတ်ပြီးတော့ အတန်ကြာ သူငိုင်နေမိသည်။ အိမ်ရှင်တပည့်လေး၏ အမေက လာဧည့်ခံသည်။ သူ့သားကိုအပ်သည်။ အတွင်းခန်းသို့ မသိမသာ အကဲခတ်မိသည်။ နှောင်း၏ အရိပ်အယောင်ကို မမြင်ရ။ ဒါလည်း မာယာဟု စွပ်စွဲဦးမည်လား။
ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် ကိုယ့်စိတ်အလိုကို မလိုက်ပဲ ထိန်းချုပ်နိုင်ခြင်းသည် ဘုရားကြိုက်သည့် အလုပ်ဖြစ်သည်။ ဆန္ဒဟူသည် ထိန်းချုပ်နိုင်မှ တော်ကာကျ၏။ ဒီကြားထဲ လောကကြီးကို လက်ခံသူအဖြစ်နှင့် ရောက်လာခဲ့ရသော “မိန်းမ”ဟူသည် ယောက်ျားတို့ထက် ပို၍ ထိန်းချုပ်ရ၏။ ဒါကိုပင် ဣနြေ္ဒဟု ခေါ်လေသလား။ ဘုရားတရားတော်သည် ညီမျှပါသည်။ ကံငါးပါးကို ကျူးလွန်လျှင် ယောက်ျား၊ မိန်းမ သဘောတူညီမျှစွာ ခံရသည်။
သူသည် နှောင်းတို့ အိမ်ဧည့်ခန်းတွင် ထိုင်ကာ တောင်စဉ်ရေမရ ဟိုဒီတွေးမိသည်။ တွေးမိသည့်စကားတွေကလည်း ခင့်ကို တန်ပြန်ပြောဆိုမိသော အကြောင်းအရာတွေပါပဲ။
နှောင်းထိုးထားသော ပန်းအိုးမှ နှင်းဆီရနံ့ကတော့ သူ့ရင်ကို ထိခတ်ကူးလူးလျှက်။
ဒုတိယအကြိမ် နှောင်းကိုပြန်တွေ့တော့ ကျောင်းထဲမှာဖြစ်သည်။ ကျောင်းပြီးသွားပြီဖြစ်သည့် နှောင်းက ဒီပလိုမာ နှစ်နှစ်သင်တန်းတခု တက်နေသည်။ အဲဒီနေ့ နှောင်းကိုတွေ့တော့ သူ အတော်ပျော်သွားခဲ့သည်။ နှောင်း၏ မျက်နှာကို အကဲခတ်သလို ကြည့်မိတော့ မလိုလားအပ်သော မာယာဟု စွပ်စွဲစရာ တခုမှမရှိ၊ နှောင်းမျက်ဝန်းတို့သည် ရိုးသား၏၊ နှုတ်ခမ်းလေးကလည်း ပန်းနှင်းဆီရောင် နှင်းဆီငုံလေး ပွင့်ခါနီးလို။ ထူအာအာ ထိုနှုတ်ခမ်းလေးက သူ့ကိုယ်ကျင့်တရားကို ထိခိုက် မည့်စကားတို့ ထွက်ဟန်မရှိပါ။ အတန်းပြီးရင် သူလာခဲ့မယ်ဟု ပြောမိတော့ သွားစရာရှိလို့ မောင် လေးကို ကြိုခိုင်းထားသည်တဲ့။
နှောင်းသည် ရိုးတော့ရိုး၏။ ဒါပေမဲ့ မအ,ပါ။ အန္တရာယ်တခုကို ထင်ရှားသိသာခြင်း ကင်းအောင်၊ ရန်လိုမုန်းတီးခြင်း ကင်းအောင် ရှောင်တတ်သည်။ နောက်တနေ့ ထပ်ရောက်သွားတော့ နှောင်းက အတန်းတက်နေပြီ။ ဒီမှာပဲ သူ့ရှေ့က ဖြတ်လျှောက်သွားသော ခင့်ကို ယောက်ျားလေး အဖော်တယောက်နဲ့ တွေ့သည်။ ဆံပင်ကို ဆတ်ကနဲခါလျှက် ခင်၏ မထေမဲ့မြင်ဟန်ကို မြင်ရသည်။
သူ့ရင်ထဲ၌ ပူလောင်သွားရသည်။ ဒီပူလောင်မှုဒဏ်ကို သူတသက်လုံး ခံနိုင်ပါမည်လား။
နှောင်းသည် သူ့ကိုငေးကြည့်နေ၏။ ဒီနေ့တော့ နှောင်းကို သူမိလေသည်။ တခုခုလိုက်စားပါဟု ကင်(န်)တင်းကို သူခေါ်တော့ ပထမ နှောင်းငြင်းသည်။ အတင်းခေါ်လေတော့မှ ပြောစရာရှိရင် ဒီမှာပဲ ပြောပါဟုဆိုသည်။ သူက မဆိုင်တာ သွားပြောမိသည်။ အိမ်မှာ စာလာသင်ရင် နှောင်းက ဘာဖြစ်လို့ ရှောင်နေတာလဲဟုဆိုတော့ နှောင်း အံ့အားသင့်သွားသည်။ နောက်မှ နှောင်းဘယ်သူ့ကိုမှ အကြောင်းမဲ့ မရှောင်တတ်သလို၊ ဘယ်သူ့ကိုမှလည်း တမင်တွေ့ဆုံအောင် မကြံစည်တတ်ပါဘူးတဲ့။ ထိုနေ့က နှောင်းကို သူချစ်စကားပြောမိသည်။ သူ့ကိုယ်သူလည်း အတန်ကြာ စဉ်းစားပြီးပါပြီ။ ဘယ်သူနဲ့လက်တွဲမလဲ။ ဘယ်သူ့ကိုချစ်သလဲ။ အဲဒီအခါ သူ့မျက်ဝန်းထဲ အရိပ်ထင်သူသည် နှောင်းသာဖြစ်၏။
ခင်၏ နိုင်လိုကြမ်းတမ်းမှုကိုကြောက်၍ နှောင်း၏ နူးညံ့မှုကို သူနှစ်သက်သည်။ ပြီးတော့ နှောင်းကို သူချစ်သည်။
ချစ်သူဖြစ်သွားတော့ နှောင်း၏ လိမ္မာပါးနပ်မှုကို သူ လက်ဖျားခါခဲ့ရသည်။ နှောင်းသည် ခင်နှင့်ကွာခြားတာကတော့ အမှန်ပင်။ ဒါပေမဲ့ ဦးတည်ရာ တူ၏။ ခင်သည် ထိပ်တိုက် ရင်ဆိုင်နည်းကို သုံး၍ နှောင်းကတော့ ထိုနည်းကိုရှောင်သည်။ ဦးတည်ရာဆိုတာ ယောက်ျားတယောက် ကို ပုံသွင်းချုပ်ကိုင်ထားလိုခြင်း ဟူသောအချက်တော့တူသည်။ ဒါပေမဲ့ နှောင်းတို့က ငြင်သာသည်။
ကွာခြားတာကတော့ နှောင်းက သူ့ကို ဦးစားပေးသည်။ တခုခုစားလျှင် သူ့အကြိုက်ကိုသာ မှာသည်။ သူ ဘာအစားအစာ နှစ်သက်သလဲ၊ စိတ်ဝင်စားသည်။ နောက်တနေ့ ပြန်တွေ့လျှင် ထမင်းဗူးထဲ သူကိုယ်တိုင် ချက်ထည့်လာပြီး သတိတရ ကျွေးတတ်သည်။
နောက်တခုက နှောင်းသည် လမ်းကြောင်းလွှဲသည့် အတတ်ပညာ ကျွမ်းသည်။ တနေ့ သူနဲ့နှောင်း မြို့ထဲအသွား မျက်နှာချင်းဆိုင်မှလာသော အသက်ဆယ့်ကိုး၊ နှစ်ဆယ်အရွယ် မိန်းကလေးတယောက်ကို သူငေးမိသည်။ ငေးလဲငေးချင်စရာကိုး။ အသားအရေ ကိုယ်လုံးကိုယ်ပေါက် ချောမော အချိုးကျရသည့်အထဲ ခြေလှမ်းလှမ်းလိုက်တိုင်း ဖွေးကနဲ ဖွေးကနဲဖြစ်သွားသည့် ခြေသလုံးသား အထက်ပိုင်းတို့က မျက်စိပသာဒ ဖြစ်ချင်စရာ၊ ငေးရုံတွင်မက၊ နှုတ်ကလည်း ချောကြောင်း ပြောမိသည်။ နှောင်းကထောက်ခံလျှက် မျက်စိတဆုံး ငေးကြည့်သက်ပြင်းချသည်။ ခင်သာဆို ဘယ်ရမလဲ။ ခပ်ဖြောင့်ဖြောင့် ယောက်ျားလေးတယောက်ကို သူနဲ့ပြိုင်ငမ်းပစ်လိုက်တာ။ ယောက်ျားနဲ့မိန်းမ သိပ်တန်းညှိချင်တာကိုး။
နှောင်း မျက်နှာမကောင်းဖြစ်သွားတာ မြင်တော့ သူသနားသွားရသည်။ သူ့ကြောင့် နှောင်း စိတ်အနှောင့်အယှက် ဖြစ်သွားရသလား။
နှောင်း တခါတခါ အိမ်ထောင်ပြုရမှာကို ကြောက်တယ်။ အဲဒီလို ပြောမရ ဆိုမရ သမီးမျိုး တွေ့မှာစိုးလို့၊ ခုန ကောင်မလေးဆို ဘယ်လောက်လှသလဲ၊ ဒါပေမဲ့ ဝတ်ပုံစားပုံကြည့်ပါဦး၊ မိဘတွေက မပြောပဲတော့ နေမှာမဟုတ်ဘူး။ သူကိုယ်တိုင်က နားမထောင်တာနေမှာတဲ့။
သူအံ့သြသွားရသည်။ သူသည် အဲဒီအချိန်ကစ၍ ချောချောလှလှ မျက်စိပသာဒ တွေ့ချင်စရာလေးတွေ တွေ့တိုင်း နှောင်းပြောခဲ့သည့် စကားကို ကြားယောင်မိသည်။ အဲဒီအခါ မရှိသေးသော သမီးကို မြင်ယောင်လျှက် သူ့စိတ်သာယာခြင်းသည် ကြာမြင့်စွာ မခိုအောင်းတော့။
ခင့်ကို ထက်မြက်သော မိန်းမဟု သတ်မှတ်ခဲ့သော် နှောင်းသည် ပျော့နွဲ့နုံအ,သူ မဟုတ်တာတော့ သေချာသည်။ ခင်သည် စိတ်လောကြီးသည်။ ပြဿနာတခုဖြစ်လျှင် အရင်းအမြစ်ကို မရှာပဲ စိတ်ခံစားမှုကို ဦးစားပေးလွန်းသောကြောင့် သူ့စိတ်နှင့်သူ ပြန်ဒုက္ခပေးနိုင်သည်။ ဥပမာ - တဖက်နိုင်ငံတွင် မြန်မာမိန်းခလေးတို့ ပြည့်တန်ဆာ ဖြစ်ရခြင်း အကြောင်းဆိုသော် ခင်က ယောက်ျားတို့၏ လော်မာမှုကြောင့် မိန်းမတွေ ပျက်ဆီးရသည်ဆိုသော ကောက်ချက်ကိုချက်ခြင်းချကာ၊ ယောက်ျား ထုကိုဒေါသတကြီး မုန်းတီးရန်လိုသည်။ နှောင်းကတော့ ထိုသို့ဖြစ်ရခြင်းအကြောင်းရင်းခံ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာများကိုထည့်သွင်းစဉ်းစားသည်။ အများက လက်ခံနိုင်သော အဖြေကို သူပေးနိုင်သည်။
ထို့ကြောင့် ခင်နှင့် နှောင်းကိုယှဉ်၍ စဉ်းစားလိုက်တိုင်း နှောင်းသည် ခင့်ရှေ့မှ ပြေး၏။ ဘယ်ယောက်ျားသားမဆို ကိုယ့်ဘဝကို နှောင်းလို အမျိုးသမီးနှင့်သာ တည်ဆောက်ချင်ပေမည်။ ပြောသမျှစကားတိုင်းကို ပြဿနာရှာ၊ အရာရာကို မာနတကြီး တုန့်ပြန်နေတတ်သော မိန်းမထက် မာနကို မသိမသာပြ၊ နူးညံ့သိမ်မွေ့သော မိန်းမသည် ကိုယ့်မျိုးဆက်အတွက် အသင့်တော်ဆုံး ဖြစ်ပေမည်။
နှောင်းသည် မာနနှင့် သူမရပ်တည်မှုကို မသိမသာ ပြတတ်၏။ ထို့ကြောင့် ယောက်ျားအလိုကျ ပျော့ခွေ အလိုလိုက်နေမည့် မာနမဲ့သူလည်းမဟုတ်။
ခင့်ကိုမေးခဲ့သည် “သူသည် သစ္စာမဲ့ခဲ့သော်”ဆိုသည့် အမေးမျိုး နှောင်းကိုလည်း မေးဖူးသည်။ နှောင်းအဖြေသည် ခင့်အဖြေနှင့် မကွဲပြားသော်လည်း ထိုအဖြေသို့ရောက်အောင် ပို့သော စကားအသုံးအနှုန်း အယူအဆချင်းတော့ ကွဲသည်။ ခင်က ရန်လိုခြင်းဖြင့် ထုံမွှန်း၍ နှောင်းကတော့ သူ့အယူအဆနှင့် ရပ်တည်မှုကို ဘယ်သူ့ကိုမှ မထိခိုက်ပဲ တင်ပြခြင်းသက်သက်သာ ဖြစ်သည်။
အဆိုးဝါးဆုံး အချက်က ခင်သည် သူ့ကိုမုန်းတီးသွားလျှင် သူ့ရင်သွေးတွေကို သူ့အစား ဂလဲ့စားချေ၍ ခလေးတွေကို မိဘဂိုဏ်းသင့်သည်အထိ သိမ်းသွင်းမှာဖြစ်သည်။ နှောင်းကတော့ သူနှင့် လမ်းခွဲရသည့်တိုင် သူ့ရင်သွေးတွေကို ကွက်လပ်မရှိသောမေတ္တာဖြင့် ချစ်ကြည်စွာ ပျိုးထောင်ပေးမှာ ဖြစ်ပြီး အမှားဆိုသော အရာကို အချိန်ကာလနှင့် တည်ငြိမ်စွာ ထောက်ပြမှာဖြစ်သည်။
စေ့စေ့တွေးတော့ တကယ်ပါးနပ်ထက်မြက်သူသည် ခင်မဟုတ်ပဲ နှောင်းဖြစ်နေ၏။
ဘာကြောင့်လဲဆို ထိုသို့ တည်ငြိမ်အေးချမ်းစွာ ထောက်ပြပြောဆိုမည့် “နှောင်း”ရှေ့၌ သူဒူးထောက်လိုက်ဖို့ အဆင်သင့် ရှိခဲ့သည်ကိုး။ ခင်ဆိုသော မိန်းမ၏ အလိုချင်ဆုံးအရာ၊ ဦးတည်သော အရာသည်လည်း ယောက်ျားတယောက်ဖြစ်သည့် သူ၏ ဒူးထောက်ခြင်းပင် မဟုတ်လား။
ဒါပေမဲ့ ထိုအရာကို ဘယ်လိုနည်းဖြင့် ရအောင်ယူရမည်လဲ ဆိုတာတော့ ခင်သည် မေ့လျော့ခဲ့၏။ ခေတ်တွေဘယ်လိုပြောင်း၊ စနစ်တွေဘယ်လိုပြောင်း၊ ကွန်ပြူတာခေတ်ကိုပဲ ကျော်လိုကျော် ဒီကမ္ဘာကြီးထဲ ယောက်ျားမိန်းမဆိုတာ သက်ရှိတွေအဖြစ် တည်ရှိနေသရွေ့ “နှောင်း”ဆိုသော မိန်းမ ဆွဲဆောင် သိမ်းသွင်းထားသောအရာမှာ ကျွန်တော့်အင်္ကျီစကို ခပ်တင်းတင်းဆုပ်ကိုင်၍ ကျွန်တော့်ကို ကြည့်လိုက်သော အကြည့်ဖြစ်သည်။ ထိုအကြည့်ဖြင့် ကျွန်တော်သည် သံသရာကို ဆွဲဆန့်လိုက်ချင်၏။
ထိုအကြည့်ကား “အားကိုးမျှဝေ”သော အကြည့်ဖြစ်သည်။ ဒါကိုပင် အချစ်၏သရုပ်ဟု ခေါ်လေမည်လား။
ကြုံကြိုက်ရင် ခင့်ကို ပြောပြချင်ပါသေးသည်။
No comments:
Post a Comment